အဆိပ်အတောက် ရောနေတဲ့ လေထုကြောင့် ပါကစ္စတန်ရဲ့ လာဟိုးမြို့မှာ လူတွေ ထောင်သောင်းချီ နာမကျန်းဖြစ်

နိုဝင်ဘာ၊ ၁၁

ပါကစ္စတန်ရဲ့ မြို့ကြီးတခုဖြစ်တဲ့ လာဟိုးမှာ အဆိပ်အတောက်ပါတဲ့ မီးခိုးမြူတွေ ထူထပ်ရာက လူတွေ ထောင်သောင်းချီပြီး နာမကျန်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 နိုင်ငံရဲ့ ယဉ်ကျေးမှု မြို့တော်လို့ သတ်မှတ်ခံရတဲ့ လာဟိုးမှာ လေထုညစ်ညမ်းမှု အခြေအနေက ကျန်းမာရေးအတွက် အန္တရာယ် ရှိလောက်တဲ့ အဆင့်မျိုးထိ ဆိုးရွားနေတာကြောင့် အာဏာပိုင်တွေက ကျောင်းတွေနဲ့ စျေးတွေကို ၄ ရက်ကြာ ပိတ်ထားဖို့လည်း ညွှန်ကြားထားပါတယ်။

လူဦးရေ ၁၁ သန်းလောက် နေထိုင်ပြီး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ လာဟိုးဟာ လေထုညစ်ညမ်းမှု ပြဿနာကို ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရပြီး ကမ္ဘာပေါ်မှာ လေထုအရည်အသွေး အဆိုးဆုံး မြို့ကြီးအဖြစ် မကြာခဏ ဖော်ပြ ခံရဖူးပါတယ်။ အခုတော့ အခြေအနေတွေက ပိုဆိုးလာပြီး အသက်ရှူမွန်းကျပ်လို့၊ မျက်စိတွေ ကျိန်းစပ်လို့ ဆေးရုံ ဆေးခန်းတွေဆီ ရောက်လာသူ အရေအတွက်က စိုးရိမ်စရာ ပမာဏမျိုးထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

တတ်နိုင်သမျှ အိမ်ထဲမှာ နေကြဖို့၊ မဖြစ်မနေ အပြင်ထွက်ရင် နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ ဆိုတာတွေက  လေထုညစ်ညမ်းမှုကြောင့် ကြုံတွေ့နိုင်တဲ့ မျက်လုံးနဲ့ အရေပြား ထိခိုက်မှုတွေကို ကာကွယ်ဖို့ အရိုးရှင်း အထိရောက်ဆုံး နည်းလမ်းနှစ်ခု ဖြစ်တယ်လို့ လာဟိုးမှာရှိတဲ့ မေယို ဆေးရုံရဲ့ ဆရာဝန် တဦးဖြစ်သူ ဆယ်လ်မန် ကက်ဇ်မီက ပြောပါတယ်။

အခုသီတင်းပတ်ကုန်မှာ လာဟိုးရဲ့ လေထုဟာ မှုန်ဝါးနေပြီး မြင်ကွင်းတောင် မရှင်းတဲ့ အဆင့်မျိုး ဖြစ်လာတဲ့အပြင် လေထုထဲမှာ အဆိပ်အတောက် အမှုန်အမွှား သိပ်သည်းဆကလည်း အန္တရာယ် ဆိုးဆိုးရွားရွား ရှိလောက်တဲ့ အဆင့်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

လာဟိုး တဝိုက်မှာ ဆောင်းသီးနှံ မစိုက်ပျိုးခင် လယ်ယာမြေတွေကို မီးရှို့ ရှင်းလင်းကြတာက အခုလို ညစ်နွမ်းမှုတွေရဲ့ အဓိက အကြောင်းရင်း တခု ဖြစ်ပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာလည်း အလားတူ အခြေအနေမျိုးကြောင့် လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး မူလတန်းကျောင်းတွေကို ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားရပါတယ်။