ကလေးဝမှာ PDF တွေ ခြုံခိုတိုက်ခိုက်ခံရလို့ အကျအဆုံးများ

နိုဝင်ဘာ၊ ၁၀
 
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်ထဲမှာ နိုဝင်ဘာ ၉ ရက်၊ မနေ့ညက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်ရဲ့ ခြုံခိုတိုက်ခိုက်တာ ခံရတာကြောင့် အကျအဆုံးများတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
 
” အကျအဆုံး များတာတော့ ဟုတ်တယ်။ စစ်တပ်ဘက်ကတွေ ပြောနေတာတော့ ၂၈ ယောက်တဲ့။ အဲဘက် အဆက်အသွယ်သေချာမရသေးတော့ အရေအတွက်အသေးစိတ်တော့ မသိရသေးဘူး ” လို့ ကလေးမြို့နယ်အတွင်းက PDF တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ၂၈ ဦးရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်မျိုးစုံ ၂၅ လက်သိမ်းဆည်းရမိခဲ့တယ်ဆိုပြီး သိမ်းဆည်းရမိတဲ့ လက်နက်ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
အခုလ ၃ ရက်လောက်ကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကလေးဝမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာ အောင်ချမ်းသာရွာ ဘက်ကို ကလေးဝဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ သွားတဲ့အချိန် အခုလို တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
 
” စစ်ကူလာတဲ့ စစ်ကြောင်းကို ကိုယ့်လူတွေက ဖြတ်တောက်ဖို့ သွားနေတဲ့အချိန် သူတို့ဘက်က သတင်းကြိုရပြီး ခြုံခိုတိုက်ခိုက်တာလို့ သိရတယ် ” လို့ အထက်ပါ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
 
အလားတူပဲ ကလေးဝဘက်ရှိ PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ ကလေးမြို့နယ်ထဲက နောက်ထပ် PDF တပ်ဖွဲ့ဝင်တဦးကလည်း ကလေးဝက အဲဒီတိုက်ပွဲအတွင်း အကျအဆုံးများတဲ့အကြောင်း သိထားရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
 
ကလေးဝမြို့နယ်ထဲမှာတော့ ကလေးဝ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင်တပ်ရင်း (၉) တပ်ဖွဲ့ဝင်တွေ လှုပ်ရှားပေမယ့် အခုတိုက်ပွဲမှာ ကျဆုံးတဲ့ တပ်ဖွဲ့ဝင်တွေက ဘယ်တပ်ဖွဲ့ကလဲဆိုတာနဲ့ ကျဆုံးတဲ့ အရေအတွက်ကိုတော့ DNA နဲ့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။
 
လက်ရှိမှာတော့ အဲဒီ ဆင်အိုင်မကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာဘက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
 
ကလေးဝမြို့နယ်နဲ့ ကပ်လျက် ကလေးမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်နဲ့ PDF တပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေပြီး အခုလ ၃ ရက်နဲ့ ၄ ရက်တွေမှာတော့ ကလေးမြို့နယ်၊ မြောက်စည်းရဲစခန်းနဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်းနှစ်ခုကို PDF ဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်