ယင်းမာပင်မှာ မိုင်းဆွဲခံရတဲ့ စစ်တပ်က အနီးကရွာကို မီးရှို့လို့ နေအိမ်ခြောက်ဆယ်ကျော်ပျက်စီး

နိုဝင်ဘာ၊ ၉
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ရွာ အနီးမှာ မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်ခံရတဲ့ နေရာအနီးက လက်တောင်းငယ်ရွာကို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်ခြောက်ဆယ်ကျော် ပျက်စီးသွားတယ်လို့ ABSDF စစ်ကြောင်း (၃) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က DNA ကိုပြောပါတယ်။
 
“ လူအထိခိုက်တော့ မရှိပေမယ့် ကျွဲ၊ နွား တိရိစ္ဆာန်တွေကတော့ မီးလောင်ပြီး သေတာတွေတော့ ရှိတယ်၊ အခု ကျွန်တော်တို့နဲ့အတူ ရွာသားတွေကတော့ မီးငြိမ်းသတ်နေရတယ် ” လို့ သူကပြောပါတယ်။
 
ပုလဲမြို့နယ်ကနေ ယင်းမာပင်မြို့နယ်ဘက် ထွက်လာတဲ့ ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းရဲ့လုံခြုံရေးရှေ့ပြေးတပ်ဖွဲ့ကို မနေ့က မနက် ခုနစ်နာရီခွဲလောက်က ယင်းမာပင်မြို့နယ် လက်တောင်းငယ်ရွာ အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးတာကို မျက်မြင်တွေ့ရတယ်လို့ ABSDF စစ်ကြောင်း (၃) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုမှာ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း (၃)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BPLF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ နဲ့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ် တောင်ဘက် ငါးမိုင်ဝန်းကျင်အကွာ ယင်းမာပင်-ပုလဲ လမ်းပေါ်မှာရှိတဲ့ လက်တောင်းငယ်ရွာထဲဝင်ကာ နေအိမ်တွေနဲ့ ကျွဲ၊ နွားတွေ ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
 
အခုလက်ရှိမှာတော့ ရွာသားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ကျေးရွာအတွင်း မီးငြိမ်းသတ်တာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
 
မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသတွင်းမှာ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတာကြောင့် ဒေသခံတွေ မကြာခဏ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာလို့ ABSDF စစ်ကြောင်း (၃) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
“ ကျားဘီးလူးစစ်ကြောင်း ဆိုပြီးတော့ ပုလဲမြို့နယ်တဝိုက်ကို မွှေနေတာ တလကျော်ကျော်လောက်ကြာနေပြီ၊ အဲ့ကျားဘီးလူးစစ်ကြောင်းက လူတွေ့ လူသတ်တယ် အဲ့တော့ ပြည်သူတွေက ဒီကောင်တွေလာပီလို့ ကြားတာနဲ့ လွတ်ရာကို ရှောင်ရတာ ” လို့ သူကပြောပါတယ်။
 
ပုလဲမြို့နယ်အတွင်း မြေပြင်အခြေအနေတွေ ဖော်ပြပေးနေတဲ့ Pale Entertainment ကဖော်ပြချက်အရ ပုလဲမြို့နယ် မြောက်ခြမ်းရွာတွေအပါအဝင် မြို့နယ်အတွင်းမှာ စစ်ကောင်စီက အောက်တိုဘာလဆန်းကစလို့ အခုလဆန်းအထိ တလကျော်ကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ နှစ်သောင်းလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – ABSDF Column 3