ရရှားနဲ့ စစ်ကောင်စီတပ် စစ်ရေးလေ့ကျင့်မှု နွေဦးတော်လှန်ရေးအပေါ်သက်ရောက်မှုရှိလား

နိုဝင်ဘာ ၉

နိုင်ငံအဝှမ်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေရပြီး တပ်စခန်းများစွာကို နေ့စဉ်ရက်ဆက် လက်လွှတ်နေရတဲ့ အာ ဏာသိမ်းစစ်ကောင်စီတပ်ဟာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းပြီး မြန်မာ့ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ် နေကြပါတယ်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းလို့ အမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို မြိတ်မြို့ရဲ့ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာမှာ စစ်ကောင်စီရေတပ်နဲ့ ရရှားရေတပ်တို့ နိုဝင်ဘာ ၇ ရက်ကနေစပြီး ၉ ရက်အထိ သုံးရက်ဆက်တိုက် ပြုလုပ်ကြမှာပါ။

စစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားရေတပ်အရာရှိ ရှစ်ရာ ဟာ ရုရှားပစိဖိတ်ရေတပ်သင်္ဘောအုပ်စုက ရေငုပ် ဖျက် သင်္ဘောနှစ်စီးအပါအဝင် စစ်သင်္ဘောသုံးစီးတို့နဲ့အတူ နိုဝင်ဘာ ၂ ရက်ကတည်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ကြိုရောက်နေခဲ့တာလို့ စစ်ကောင်စီ သတင်းစာမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု ပြုလုပ်နိုင်ဖို့ စစ်ခေါင်းဆောင်က သူရဲ့  ရုရှားခရီးစဉ်ကတည်းက ကြိုတင်စီစဉ် ထားခဲ့ တာလို့ဆိုပေမယ့် စစ်ရေးလေ့ကျင်တဲ့အချိန်ဟာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေနဲ့ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့ တိုက်ဆိုင်နေတာ တွေ့ရပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ နဂိုတည်းက ပြင်ဆင်ထားတဲ့ စစ်ရေးလေ့ကျင့်မှု ဒါမှမဟုတ် အရှေ့မြောက်စစ်ဆင်ရေး စ တော့မှ အကူအညီတောင်းပြီးခေါ်တာလားဆိုတာကို တိတိကျကျ မသိနိုင်ပေမယ့် တော်လှန်ရေး အင်အားစု တွေ အနေနဲ့ သတိထားကြဖို့လိုတယ်လို့ 96 Soldier’s အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကြောင့်စစ်အာဏာရှင်တော်လှန်ရေးနွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာ ကတော့ ရုရှားရဲ့ စစ်ရေးအရ ဘယ်လို ဆက်ကူညီပေးအုံးမလဲဆိုတဲ့အပေါ် မူတည်တယ်လို့ သူက ဆိုပါတယ်။

“ဘယ်လောက်ခပ်မြန်မြန်နဲ့ သက်ရောက်လာမလဲ၊ဒါမှမဟုတ် ရေရှည်မှ သက်ရောက်လာမလားဆိုတာကတော့ ကျွန်တော်တို့ ဆက်စောင့်ကြည့်ရမှာပေ့ါနော်”လို့ ကိုဇေယျာလွင်က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဘယ်လိုပဲ စစ်ရေးအကူအညီတွေ ရနေပါစေ လက်ရှိအချိန်ဟာ စစ်ကောင်စီ တပ် တွေကိုအလုံးအရင်းနဲ့  ဆက်တိုက်ဖို့ အကောင်းအဆုံးအခြေအနေဖြစ်ပြီး စိတ်ဓာတ်အင်အားတွေလည်း များစွာ ရထားပြီးဖြစ်တာမို့ ဆက်သွားဖို့ပဲရှိတယ်လို့ သူကပြောပါတယ်။

“စစ်လက်နက် ဝယ်ယူမှုတွေ ဘယ်လောက်ပဲ များများ၊ လေ့ကျင့်မှုတွေ ဘယ်လောက်ပဲ လုပ်လုပ်ပေ့ါနော်၊ လက်ရှိ ကျွန်တော်တို့ရဲ့ တော်လှန်စစ်ကိုတော့ ရပ်တန့်ဖို့အတွက် နောက်ကျနေပြီလို့ မြင်တာပဲ၊ကျွန်တော်တို့ဘက်က အင် အားစုတွေကတော့ ဆက်သွားနေမှာပါပဲ”လို့ ကိုဇေယျာလွင်က ပြောပါတယ်။

မြေပြင်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ များစွာ ပျက်စီးနေပြီး တော်လှန် ရေးအင်အားစုတွေရဲ့ ထိုးစစ်အပေါ် မခံနိုင်ကြတော့ဘူးဆိုတာ တွေ့နေရတယ်လို့ သူကဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရုရှားနိုင်ငံအပေါ် ပိုမို ချည်းကပ်မှု၊ စစ်လက်နက်ဝယ်ယူမှု၊ အခုစစ်ရေးပူးတွဲ လေ့ ကျင့် မှုတွေဟာ တော်လှန်ရေးအင်အားစုတွေအပေါ် ခြိမ်းခြောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာဖြစ်နိုင် ပေမယ့် လက်တွေ့မှာတော့ သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ ရှုမြင်သူတွေလည်း ရှိပါတယ်။

“ရုရှားကလည်း သူ့အကျိုးနဲ့ သူ၊ မြန်မာကလည်း သူ့အကျိုးနဲ့သူ အဲဒီလို ပေါင်းပြီးတော့ ဒီစစ်ရေးလေ့ကျင့်ခန်းကို လုပ်ကြတာပဲ၊အများအားဖြင့်တော့ ဒီစစ်ရေးလေ့ကျင့်ခြင်းက သက်ရောက်မှု မရှိနိုင်ဘူး”လို့ ရခိုင်လွတ် တော်အမတ်ဟောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုပါတယ်။

ရုရှားအနေနဲ့ကတော့ သူတို့ရဲ့ စစ်သေင်္ဘာ၊ လက်နက်တွေကို ရောင်းချဖို့ လာရောက်ပြသတဲ့ သဘော သာဖြစ် တယ်လို့လေ့လာသူတွေက ဆိုကြပါတယ်။

စစ်ကောင်စီအနေနဲ့လည်း သူရဲ့ ရေတပ်မှာ လက်နက်တွေ ခေတ်မီလာကြောင်းပြသဖို့နဲ့ အင်အားပြဖို့ ရည်ရွယ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုတွေလုပ်တာလို့ စောင့်ကြည့်လေ့လာသူက သုံးသပ်ကြပါတယ်။

ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးလှုပ်ရှားမှုတွေကို ဖြိုခွဲဖို့ကြိုးစားနေရတဲ့စစ်ကောင်စီ အတွက် ရေတပ်အနေနဲ့ ထဲထဲဝင်ဝင်ပါဝင်ရတဲ့ အခန်းကဏ္ဍ မရှိသလောက်ဖြစ်တယ်လို့လည်း သူတို့ကပြောကြ ပါတယ်။

“စစ်ရေးပူးတွဲလှုပ်ရှားမှုဆိုတဲ့ ခေါင်းစဉ်ကြီးပေမယ့် ၁၀၂၇ စစ်ရေးစီမံကိန်းလှုပ်ရှားမှုနဲ့ သီးခြားစီဖြစ်ပြီးတော့ ဘာမှ သက်ရောက်မှုမရှိနိုင်ဘူး”လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်ခဲ့ပြီး ယုံကြည်အားထားရတဲ့ မိတ်ဆွေ နိုင်ငံ၊ မဟာမိတ်နိုင်ငံတွေလို့ သုံးနှုန်းကြတဲ့အထိ  ဆက်ဆံရေး ကောင်းမွန်လာခဲ့တာပါ။

“ရုရှားရော မြန်မာမင်းအောင်လှိုင်အစိုးရကရော တကမ္ဘာလုံးမှာ ဝိုင်းပယ်ထားကြတဲ့ တိုင်းပြည်နှစ်ပြည် ဖြစ်နေတဲ့ အခါကျတော့ သူတို့အချင်းချင်း ပုလင်းစွပ်တွေ ပေါင်းဖက်တွေ့ကြတယ်လို့ ပြောကြရမှာပါပဲ”လို့ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

ရုရှားနိုင်ငံဟာ အရင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံအဖြစ် အတူရှိခဲ့တဲ့ ယူကရိန်းနိုင်ငံကို မနှစ်က  ဝင်ရောက် ကျူး ကျော်ခဲ့ကတည်းက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာတွေအပါအဝင် ဒဏ်ခတ် အရေးယူခံရမှုတွေရှိနေတာပါ။

မြန်မာစစ်တပ်ဟာ အင်အားကြီး အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ဆက်ဆံမှုအရင်အတိုင်း ရှိနေခဲ့ပေမယ့် အာဏာသိမ်း ပြီးနောက် ရုရှားနဲ့ ပိုမိုနီးကပ်လာပြီး တိုက်လေယာဉ်တွေအပါအဝင် စွမ်းအားမြင့် စစ်လက်နက်တွေ ဆက်တိုက် ဝယ်ယူနေခဲ့တာ တွေ့ရပါတယ်။

မြန်မာစစ်တပ်ဟာ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေက တရုတ်နိုင်ငံလုပ် F-7 တိုက်လေယာဉ်တွေ၊ အမောင်းသင် လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေအပါအဝင် လိုအပ်တဲ့ လက်နက်တွေကို တရုတ်နိုင်ငံက တင် သွင်း  မှီခိုခဲ့ရပါတယ်။

ဒါပေမယ့်  ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ ရုရှလုပ် MIG-29 တိုက်လေယာဉ်တွေဝယ်ယူတာ၊ စစ်ပညာတော်သင် ထောင်နဲ့ချီစေလွှတ်ခဲ့ရာကနေ ရုရှားနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ တဖြည်းဖြည်းတိုးမြှင့် လာခဲ့ ပါတယ်။

လက်ရှိ မြန်မာစစ်တပ်ဟာ ရုရှားဆီကနေ MIG-29 တိုက်လေယာဉ်၊ စတုတ္ထမျိုးဆက်SU – 30တိုက်လေယာဉ်၊ YAK 130အမောင်းသင်လေယာဉ်၊ MI-17ရဟတ်ယာဉ်နဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပါအဝင် လေကြောင်း ကာကွယ်ရေးစနစ်တွေပါ ဝယ်ယူပိုင်ဆိုင်ထားတာပါ။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလထဲမှာပဲ လေတပ်သုံးလက်နက်တွေ ဝယ်ယူခဲ့ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်တွေ၊ ဝေဟင်ပစ်ဒုံးကျည်စနစ် တွေအပါဝင် အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုး ရုရှားဆီက ထပ်ဝယ်ခဲ့ပါတယ်။

အဲဒီ လေကြောင်းလက်နက်တွေကို အသုံးပြုပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်သားတွေကို တိုက်ခိုက်နေတာပါ။ စစ်ကောင်စီတပ်ဟာ ရုရှားအပြင် အိမ်နီးချင်းတရုတ်ဆီကနေလည်း လက်နက်တွေ အမြောက်အများ ဝယ်ယူအသုံးပြုနေပါတယ်။

အာဏာသိမ်းထားတဲ့စစ်တပ်အပေါ် အပြည့်အဝထောက်ခံမှုမပေးတဲ့ တရုတ်ထက် တက်တက်ကြွကြွ ထောက်ခံ ပေးတဲ့ ရုရှားကိုသာ ပိုမိုချဉ်းကပ်ကာ နီးကပ်သွားခဲ့တာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုကာ မြန်မာအစိုးရပေါ်  ချိန်ခွင်လျှာ ညှိ ဆက်ဆံလေ့ရှိတဲ့ တရုတ်အပေါ် စစ်ကောင်စီက သဘောမတွေ့မှုတွေ ရှိလာခဲ့တယ်ဆိုတဲ့ သုံးသပ်မှု တွေလည်း ရှိနေပါတယ်။

“အခုလည်းပဲ ညီနောင်သုံးဖော်တိုက်ပွဲတွေနဲ့ပက်သက်လို့လည်း သူ့အနေနဲ့ သည်းခံပြီး ပေါင်းနေတယ် လို့မြင် တယ်။ တရုတ်နဲ့ ပက်သက်လာရင်လည်း သူ့ဘက်က စိုးရိမ်တဲ့အခြေအနေတွေတော့ ရှိတယ်”လို့ ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီတပ်ဟာ စစ်ရေး၊ နိုင်ငံရေးအကူအညီအတွက်  ရုရှားနဲ့ တရုတ်နှစ်နိုင်ငံလုံးကို မှီခိုနေတာပါ။

“ဗီဒိုအာဏာကို သုံးပြီး ကာကွယ်နေတဲ့တရုတ်ကိုတော့ ကင်းကွာအောင် နေမှာမဟုတ်ဘူး။ လက်နက်ဆိုရင်လည်း နှစ်ဖက်စလုံးက လက်နက်က သူ့အတွက် အသုံးဝင်တယ်”လို့ ဦးဖေသန်းက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရုရှားနဲ့ တရုတ်ဆီက ရတဲ့ စစ်ရေးလက်နက်အကူအညီနဲ့ ပြည်သူလူထုတွေ၊ လက်နက်ကိုင်တွေအပေါ် ဒုက္ခပေးနိုင်တယ်ဆိုပေမယ့် စစ်ပွဲအဆုံးအဖြတ်ဟာ လူထုထောက်ခံမှုနဲ့သာ သက်ဆိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေ၊ တော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။

“လက်နက်ကလည်း အဓိကကျတယ်ဆိုပေမယ့် အဆုံးအဖြတ်ဟာ ပြည်သူတွေရဲ့ ထောက်ခံမှုသာဖြစ်တယ်”လို့ ဦးဖေသန်းက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ လူထုထောက်ခံမှုဟာ လုံးဝကျဆင်းနေပြီး ရှမ်းမြောက်မှာ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ သိန္နီနဲ့မုံးကိုးမြို့နဲ့စစ်ကိုင်းတိုင်းက ခမ်းပတ်၊ ကောလင်းနဲ့ ပင်လယ်ဘူးစတဲ့ မြို့တွေ တော်လှန်ရေးအင်အားစုတွေလက်ထဲကျရောက်ပြီး  ရန်သူဝိုင်းနေတဲ့အနေအထားဖြစ်နေလို့လည်း ဆိုကြပါတယ်။

“နွေဦးတော်လှန်ရေးကတော့ ပြည်သူပေါင်း ၄၅ သန်းလောက် ထောက်ခံမှု ရှိနေတဲ့အတွက် နောက်ဆုံး အဆုံး သတ်အောင်ပွဲရမှာပါ”လို့ ဦးသန်းစိုးနိုင်က ပြတ်ပြတ်သားသားမှတ်ချက်ပြုပါတယ်။