TNLA နဲ့ SSPP နှစ်ဖက်ပစ်ခတ်မှု ညှိနှိုင်းဖြေ ရှင်းမယ်လို့ဆို

နိုဝင်ဘာ၊ ၈

တအာင်းတပ်မတော်(TNLA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ရဲ့ လက်နက်ကိုင်တပ်တခုဖြစ်တဲ့ ရှမ်းပြည်တပ်မတော်(SSA) တပ်ဖွဲ့တွေကြား အပြန် အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာနဲ့ပတ်သက်လို့ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းမှာဖြစ်တယ်လို့ TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က DNA ကို ပြောပါတယ်။

“မဟာမိတ်တွေလည်းဖြစ်တော့ ဒီကိစ္စကို အပြန် အလှန် ဖြေရှင်းနိုင်ဖို့ကိုပဲ ရှေးရှုတယ်ပေါ့နော်၊ ဒီပြ ဿနာထပ်မကြီးအောင် ဖုန်းနဲ့ကတော့ ဆက်သွယ်ပြီးသားဖြစ်ပါတယ်၊ လူချင်းတွေ့ပြီးတော့ ညှိနှိုင်းထိန်းသိမ်းဖို့ကတော့ ဆောင်ရွက်ဆဲဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

နှစ်ဖက်တပ်တွေ လှုပ်ရှားမှုရှိတဲ့ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအတွင်းမှာ မနေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့်  TNLA ဘက်ကလေးဦး ကျဆုံးခဲ့သလို SSPP/SSA ဘက်ကလည်း တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အုပ်ချုပ်ရေးတာဝန်ခံ မူဆယ်မြို့နယ်မှူး ကျဆုံးခဲ့တယ်လို့ နှစ်ဖက်ထုတ်ပြန် ချက်တွေအရ သိရပါတယ်။

TNLA ဘက်ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွက် တာဝန်ယူထားတဲ့ TNLA လုံခြုံရေး စခန်းကို ဓာတ်ပုံမှတ်တမ်းလာယူတဲ့ SSPP ရဲ့ တိုက်နယ်မှူး စိုင်းမောဝ်အွန်ကို ခေါ်ယူစစ်ဆေးနေစဥ် SSPP/SSA ရဲ့ တပ် ဖွဲ့ဝင်တွေရောက်လာပြီး စတင်ပစ်ခတ်လို့ အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

 SSPP/SSA ဘက်ကတော့ TNLA ဖမ်းဆီးသွားတဲ့ စိုင်းမောဝ်အွန်ဟာ အရပ်သားတဦးဖြစ်ပြီး SSPP/SSA အုပ်ချုပ်ရေးတာဝန်ခံ မူဆယ်မြို့နယ်မှူး ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးခံရမှုအခြေအနေကို စုံ စမ်းမေးမြန်းဖို့ သွားရောက်ချိန် TNLA ဘက်က စတင်ပစ်ခတ်တာလို့ထုတ်ပြန်ထားပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအခြေအနေနဲ့ နှစ်ဖက်ညှိ နှိုင်းဖြေရှင်းနေမှု အခြေအနေတွေကို မေးမြန်းနိုင်ဖို့ SSPP/SSA တာဝန်ရှိသူတွေဆီ DNA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

 SSPP/SSA ရဲ့ အရာရှိတဦးကတော့ အခုလိုပစ်ခတ်မှုဖြစ်တာဟာ နားလည်မှုလွဲလို့ဖြစ်ပြီး နှစ်ဖက် ဗဟိုတာဝန်ရှိသူတွေအချင်းချင်း ဖြေရှင်းနေကြောင်း ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်ကို မနေ့က ဖြေကြားထားပါတယ်။

ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ လူငယ်ရေးရာကော်မတီကတော့ ဖမ်းဆီးခံရတဲ့ စိုင်းမောဝ်အွန်ဟာ SNLD ပါတီရဲ့ စယ်လန့်ကျေးရွာ အုပ်စု အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခတွေမှာပါဝင်နေသူမဟုတ်ဘဲ စစ်ရှောင်ပြည်သူတွေအတွက် ကူညီဆောင်ရင်း နေအိမ်ရှေ့မှာ ဖမ်းဆီးခံခဲ့ရတာလို့ ထုတ်ပြန်ခဲ့ပါတယ်။

TNLA ဘက်ကတော့ စိုင်းမောဝ်အွန်ဟာ တားမြစ်နေတဲ့ကြားက TNLA လုံခြုံရေးစခန်းကို နှစ်ကြိမ်တိုင် ဓာတ်ပုံမှတ်တမ်းရိုက်ကူးခဲ့တာကြောင့် ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ပြဿနာကို အချိန်မှီထိန်းသိမ်းနိုင်ဖို့နဲ့ မဟာမိတ်ဆက်ဆံရေးကို ရှေးရှုတဲ့အနေနဲ့ ရပ်မိရပ်ဖတွေဆီ အပ်နှံပြီး ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။

အရင်ကလည်း TNLA နဲ့ SSA တပ်ဖွဲ့ဝင်တွေကြား အခုလို ပစ်ခတ်မှုဖြစ်တာ၊အပြန်အလှန်ဝေဖန်မှုဖြစ်တာမျိုးတွေရှိခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုနဲ့ပြေလည်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ် ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကတော့ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့အခုလိုကာလအတွင်း ညီနောင်တိုင်းရင်းသားတွေကြား စိတ်ဝမ်းကွဲစေမည့်အပြုအမူတွေကိုရှောင်ကြဉ်သင့်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

“အပြစ်မဲ့ပြည်သူများဖမ်းဆီးခြင်း၊ အရပ်သားတွေနေတဲ့ ရပ်ရွာနေအိမ်တွေမှာ တိုက်ပွဲဖော်ဆောင်ခြင်းကို အထူးရှောင်ရှားစေချင်ပါတယ်” လို့ သူကဆိုပါတယ်။