ငပုတောမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တဦး ပုသိမ်ပက‌ဖဆီ CDM ဝင်လာ

နိုဝင်ဘာ၊ ၈
 
ပုသိမ်မြို့၊ ငပုတောမြို့နယ် မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တဦးဟာ အခုလဆန်းအတွင်း ပုသိမ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး CDM ဝင်ခဲ့တယ်လို့ ပုသိမ်ပကဖ တာဝန်ခံ ကိုစစ်ရန်ရှင်းက DNA ကိုပြောပါတယ်။
 
အဲဒီရဲတပ်သားက နိုဝင်ဘာ ၁ ရက်မှာ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်ခဲ့ပြီး ၂ ရက်နေ့မှာ ပြည့်သူ့ကာကွယ်ရေးတပ်တွေဆီရောက်ရှိခဲ့ကာ လက်ရှိမှာတော့ ပြည်သူ့ရင်ခွင်အဖွဲ့ကတဆင့် လုံခြုံတဲ့နေရာ ကိုပို့ထားတယ်လို့ဆိုပါတယ်။
 
” သတင်းထောက်လှမ်းရေးဆီပေးပြီး စီစစ်ပြီးမှ လက်ခံခဲ့တာပါ ” လို့ ပုသိမ်မြို့နယ် ပ.က.ဖ တာဝန်ခံကို စစ်ရန် ရှင်းကပြောပါတယ်။
 
အဲဒီ CDM ပြုလုပ်ခဲ့တဲ့ ရဲတပ်သားကို ထောက်ပံ့ကြေးပေးခဲ့တဲ့အပြင် လိုအပ်တာတွေကိုပါ တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။
 
“ ကျွန်တော်တို့ဆီကိုလာဖို့ လမ်းစရိတ်ပေးတယ်၊ ဒုတိယတချက်အနေနဲ့ နေဖို့နဲ့ တတိယတချက်စားဖို့ ပေးတယ်၊ CDM ဝင်တဲ့ ရဲ၊ စစ်သား မှန်သမျှ အဲ့လိုလက်ခံတယ်၊ စစ်သားတွေအတွက်ဆို ပြည်သူ့ပန်းတိုင် (Safe House)နဲ့ တိုက်ရိုက်ချိတ်ပြီး Safe House တွေရောက်အောင် တာဝန်ယူပို့ဆောင်ပေးတယ် ” လို့ ကို စစ်ရန်ရှင်းက ရှင်းပြပါတယ်။
 
ဧရာဝတီတိုင်းအတွင်းက CDM ပြုလုပ်သူတွေအနေနဲ့ နယ်မြေအရလက်နက်နဲ့အတူ CDM ဝင်ဖို့ ခက်ခဲသလို နေရပ်မှာ မိသားစုဝင်တွေ ရှိနေသေးတာကြောင့် သူတို့ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြဖို့ ခက်ခဲနေသေးတယ်လို့လည်း ဆိုပါတယ်။
 
“ နယ်မြေအနေထားက ခက်ခဲကျပ်တည်းတယ်၊ လွတ်မြောက်နယ်မြေတွေနဲ့ မတူတဲ့အတွက် လက်နက်ပါဝင်ဖို့က အင်မတန်ခက်ခဲတဲ့ အလုပ်ပေါ့နော်၊ လူကိုယ်တိုင်တောင် မနဲလွတ်အောင် ရုန်းပြီးပြေးနေရတဲ့ တိုင်းတခုဖြစ်တယ် ” လို့ ကိုစစ်ရန်ရှင်းက ပြောပါတယ်။
 
ပုသိမ်မြို့နယ်အတွင်း ပုသိမ် ပ.က.ဖ အဖွဲ့ကို ဆက်သွယ်ပြီး CDM ပြုလုပ်လာတဲ့ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးရှိကာ SB သတင်းရဲတပ်ဖွဲ့က ရဲတပ်သား သုံးဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် သုံးဦး ပါဝင်တယ်လို့ သိရပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီကို စွန့်ခွာလာသူနဲ့ တော်လှန်ရေးမှာ ပူးပေါင်းသူ စစ်သား ၃,၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦး ရှိပြီလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media