စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ကို သတိပြုဖို့ NUG ဝန်ကြီးချုပ်သတိပေး

နိုဝင်ဘာ၊ ၇

မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ် ဟာ လေ တပ်၊ လက်နက်ကြီး အင်အားတွေကိုသုံးပြီး တန်ပြန်ထိုးစစ်ဆင်နွှဲလာနိုင်တာကြောင့် စနစ်တကျပြင်ဆင် ခုခံနိုင်ရေး စီမံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကသတိပေးလိုက်ပါတယ်။

 “စစ်ကောင်စီဟာ မြေပြင် ကြည်းတပ် အင်အားချည့်နဲ့သွားပြီဆိုတာ သေချာပေမယ့်လည်း လေတပ်နှင့်လက် နက် ကြီး အင်အားများနဲ့ counter offensive(တန်ပြန်ထိုုးစစ်)ကို မလွှဲမသွေဆင်နွှဲလာမှာဖြစ်ပါတယ်”လို့ ဒီကနေ့အွန်လိုင်းကပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

ရှမ်းမြောက်မှာ မြောက်ပိုုင်းမဟာမိတ်တပ်တွေက ချင်းရွှေဟော်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်းမြို့တွေအပါအဝင် စခန်းပေါင်း ၁၂၀ ကျော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူးပေါင်းတပ် တွေက စစ်ကိုင်းတိုင်းကကောလင်းနဲ့ ခမ်းပတ်မြို့တွေကို သိမ်းပိုက်ထားချိန်မှာ အခုလိုသတိပေးပြောကြားတာပါ။

တိုက်ပွဲတွေ မကြာခဏဖြစ်ပေါ်လေ့ ရှိတဲ့ မကွေးတိုင်း၊မြိုင်မြို့နယ်မှာလည်း တန်ပြန်ထိုးစစ်တွေနဲ့ ပတ်သက်ပြီး အရင်က ကြုံခဲ့ဖူးတာကြောင့် ဒီလို စခန်းတွေ ရာနဲ့ချီဆက်တိုက်သိမ်းခံနေရတဲ့ အခြေနေမှာ စစ်ကောင်စီတပ်က ငြိမ်နေတာ အင်မတန် သတိထားရမယ့် အချိန်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

 “ အရင်တနှစ်က မြိုင်တောင်ဘက်က စခန်းတခုသွားတိုက်တော့ သူတို့အကျဆုံးများသွားလို့ပေါ့နော် ။ သူတို့လေယာဉ်နဲ့ရော မြေပြင်ကပါ တလလောက်စစ်ကြောင်းထိုးတာ။ခုတော့အဲ့လို အနေထားတွေမတွေ့ရဘူး။ အဲ့တော့ခုငြိမ်နေတာ အင်မတန်မှကို သတိထားစရာကောင်းတဲ့ အခြေနေတခု ဖြစ်တယ်။”လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ဆိုပါတယ်။

 စစ်ကောင်စီဖက်က လက်ရှိ စစ်မျက်နှာဖွင့်ရမှာ များနေတဲ့ အခြေနေရှိနေတာကြောင့် နေရာအချို့ကို လက်လွှတ်ပြီး နေရာအချို့ကို ထိုးစစ်ဆင်တာတွေကို ဒီနှစ်မကုန်ခင် ပြန်လုပ်လာနိုင်တယ်လို့အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းထဲမှာလည်း  လက်ရှိစစ်ရေးအခြေနေတွေနဲ့ ပတ်သက်ပြီး အရပ်သားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို  အသိပေးထုတ်ပြန်ထားတာ ရှိတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ “ရွာတွေမှာလည်းရိက္ခာဆေးဝါးစီစဉ်ထားတာရှိပြီးသားဖြစ်တယ်။ကာကွယ်ရေးတပ်တွေ ကိုလည်းစစ်ရေးနဲ့ပတ်သက်ပြီးပြင်ဆင်ဖို့ပြောဆိုထားပြီးသားပါ”လို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးကဆိုပါတယ်။

ဒါ့အပြင် ချောင်းဦးအပါအဝင် စစ်ကိုင်းတိုင်းက အရပ်သားတွေဟာ တချိန်လုံးစစ်ရှောင်နေရတဲ့အတွက် စစ်ကို တီးမိခေါက်မိရှိတဲ့အကြောင်းနဲ့ စစ်ကြောင်းဝင်မယ်သတင်းရတာနဲ့ ဘယ်နေရာကို ဘယ်လိုရှောင်ရမယ်ဆို တာ ပြောပြထားတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

NUG ယာယီ သမ္မတ ဒူဝါလရှီးလကတော့ လက်ရှိကာလဟာ နွေဦးတော်လှန်ရေးရဲ့ အမြင့်ဆုံး စစ်ရေးမှတ် ကျောက်ရေးထွင်းနိုင်တဲ့အချိန်ဖြစ်သလို ပူးပေါင်း စစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရတဲ့အချိန်လည်းဖြစ်တယ်လို့ ပြောပါတယ်။

 “၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်း စစ်ဆင်ရေးတွေဟာ နွေဦးတော်လှန်ရေးရဲ့ စစ်ရေး ထိုး စစ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးမော့စေခဲ့ပြီ ဖြစ်ပါတယ်”လို့ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။

ညီနောင်မဟာမိတ်တပ်တွေဦးဆောင်တဲ့ ရှမ်းမြောက်ထိုးစစ်၊ကချင်ပြည်နယ်အတွင်း KIA နဲ့ပူးပေါင်းတပ်တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊စစ်ကိုင်းတိုင်းအတွင်းက မြို့သိမ်းတိုက်ပွဲတွေကို ရည်ညွှန်းပြီး ယာယီသမ္မတ အဲ့ဒီလိုပြောတာပါ။

 ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ကချင်ပြည်နယ်လိုင်ဇာမြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ မဟာမိတ် တပ်တွေက သိမ်းပိုက်နိုင်ခဲ့သလို ရှမ်းမြောက်ဒေသမှာလည်း အောက်တိုဘာ ၂ရရက်ကစလို့ ဒီကနေ့အထိ ညီ နောင်မဟာမိတ်တပ်တွေကမြို့ပေါ်တွေအထိ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

 ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာလည်း နိုဝင်ဘာ ၃ရက်မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက တပြိုင်တည်းထိုးစစ်စတင်ခဲ့ပြီး  ဒီကနေ့ အထိ ကောလင်းနဲ့ ခမ်းပတ်လိုမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်သလို စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတချို့ကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။

 လက်ရှိမှာ အဲ့ဒီလိုထိုးစစ်တွေနဲ့ရင်ဆိုင်နေရပြီး အထိနာနေတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေးဌာ နချုပ်တွေကို ဦးတည်တိုက်ခိုက်နေကာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ကြိုးစားနေတာတွေ့ရတယ်လို့ NUG ယာယီ သမ္မတကထောက်ပြပါတယ်။

“တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ကြီးတွေရဲ့ အင်အားဟာ နွေဦးတော်လှန်ရေးကြီးတခုလုံးရဲ့ အင်အားနဲ့ ထပ်တူ ဖြစ်ကြောင်း ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့ လိုပါတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီက KIA ဌာနချုပ်လိုင်ဇာမြို့ကို ဦးတည်ထိုးစစ်ဆင်နေတဲ့တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ တရုတ်အရပ်သားတချို့သေဆုံးမှုတွေရှိခဲ့သလို နယ်စပ်လုံခြုံရေးကို လည်း အားလျော့စေခဲ့တယ်လို့ ဆက်ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် NUG အစိုးရအနေနဲ့ တရုတ်အစိုးရနဲ့သံတမန်ရေးအရဆက်ဆံပြောဆိုရာမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကို အလေးထားဆွေးနွေးကြဖို့လည်း ယာယီသမ္မတက အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါသေးတယ်။

 “မြန်မာနိုင်ငံတဝန်းလုံး တည်ငြိမ် အေးချမ်းဖို့နှင့် တရုတ် – မြန်မာနယ်စပ် စစ်ပွဲများ ရပ်တန်နိုင်ဖို့ စစ်ကောင်စီသာ အဓိကဖြစ်တယ်”လို့သူကပြောပါတယ်။

ပြည်သူတရပ်လုံးကတောင်းဆိုနေတဲ့ နိုင်ငံရေးကနေ စစ်တပ်ထွက်ခွာရေး၊အာဏာရှင် စနစ် ဖျက်သိမ်းရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးတို့ကို စစ်အုပ်စုက လက် ခံမယ်ဆိုရင် လက်ရှိပဋိပက္ခတွေ အမြန်ဆုံးရပ်တန့်သွားနိုင်တယ်လို့ သမ္မတဒူဝါလရှီးလကဆိုပါတယ်။