ရေတာရှည် ဒေသခံလူငယ်သုံးဦး PDF လို့စွပ်စွဲဖမ်းဆီးခံရ၊ PDF ဘက်ကတပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ငြင်းဆို

နိုဝင်ဘာ၊ ၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းမိတယ်လို့စစ်ကောင်စီဘက်က စွပ်စွဲဖြန့်ဝေမှုတွေလုပ်နေပေမယ့် ပဲခူးတိုင်း PDF တပ်ဖွဲ့ကတော့ အဲ့ဒီသုံးဦးဟာ သူတို့နဲ့မသက်ဆိုင်ဘူးလို့ DNAကိုပြောပါတယ်။

“သူတို့က PDF  မဟုတ်ဘူး၊ကျွန်တော်တို့ တပ်ခွဲနဲ့လည်း ပတ်သက်မှု မရှိဘူး၊အရပ်သားတွေပါပဲ” လို့ ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေတာရှည်မြို့နယ် ပင့်နီလာကျေးရွာကို နိုဝင်ဘာ ၄ ရက်က  စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကိုချစ်ကိုနဲ့ အသက်လေးဆယ်ကျော်နောက်ထပ် အမျိုးသားတဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့တာပါ။

သူတို့နှစ်ဦးကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် သစ်ချဆိပ်ကျေးရွာမှာနေထိုင်တဲ့ မတိုးတိုးကိုလည်း နိုဝင်ဘာ ၅ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ စာမျက်နှာတွေမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြ ထားပါတယ်။

ဒါအပြင်ဖမ်းမိသူတွေဆီကနေ M 22 သေနတ်တလက်၊ KA တလက်၊ 79 ဗုံးပစ်လောင်ချာတလက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီသုံးဦးဟာ ဒေသခံပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီပေးနေတယ်လို့လည်း  စစ်ကောင်စီကစွပ်စွဲထားပါတယ်။

လက်ရှိ သူတို့သုံးဦးကို စစ်ကောင်စီတပ် အကြီးအကဲပိုင်းတွေက စစ်ကြောရေးတခုမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရဘူးလို့ ရေတာရှည်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တပ်ဘက်က ခေါ်ပြီး စစ်ဆေးနေတာဆိုတော့ သေချာတော့ မသိရဘူး၊ ဖမ်းခံရတဲ့နေ့မှာပဲ ချက်ချင်းလာခေါ်သွားတာ၊ တနေရာစီမှာလား၊ တနေရာတည်းလားတောင် မသိရဘူး” လို့သူကပြောပါတယ်။

ဒါ့အပြင်ဖမ်းဆီးခံရသူသုံးဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဝန်ခံထွက်ဆိုထားတဲ့အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မသုံးခု ထက်မနည်းနဲ့ အမှုထားတယ်လို့ကနဦးသိရပါတယ်။

ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံကတော့အဲ့ဒီသုံးဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေ မဟုတ်သလို PDF တပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရကြောင်း လတ်တလော သတင်းရထားတာလည်းမရှိဘူးလို့ DNAကိုပြောပါတယ်။

“PDF စစ်ရုံးဘက်ကနေလည်း ဘာသတင်းမှ မရောက်သေးပါဘူး၊ ကျွန်တော်တို့က ဘာမှ သိရှိထားခြင်းတော့ မရှိဘူး” လို့ သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတဝှမ်း မှာ ဖမ်းဆီးခံရတဲ့ (၂၅၃၇၉)ဦးရှိပြီး အဲဒီထဲက (၁၉၆၅၃)ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ (၈၀၀၆)ဦးက ထောင်ဒဏ်ချမှတ်ခံ ထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။