နိုဝင်ဘာ၊ ၆
စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့ကို ပြည်သူကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒါဟာ ခရိုင်အဆင့် မြို့တမြို့ကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။
ကောလင်းမြို့တွင်းက စစ်ကောင်စီတပ်တွေ အခြေပြုတပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားပြီး မြို့သိမ်းပိုက်တိုက်ပွဲ အောင်မြင်ပြီလို့ ဆိုထားပါတယ်။
အဲဒီတိုက်ပွဲကို NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ် (၁)စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲရေးအစီအစဉ်နဲ့ တိုက်ခိုက်တာလို့လည်း ဖော်ပြထားပါတယ်။
လက်ရှိအထိ တိုက်ပွဲတွေအတွင်း လက်နက်မျိုးစုံ ၅၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။
ကောလင်းမြို့တွင်းမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်တွေ အခြေပြုရာ ထွေအုပ်ရုံးကို တော်လှန်ရေးတပ်တွေက ညလုံးပေါက် ဝိုင်းထားခဲ့ပြီးနောက် ဒီကနေ့ မနက် ရှစ်နာရီမှာ စစ်ကောင်စီဘက်က အလံဖြူပြပြီး လက်နက်ချခဲ့တယ်လို့ ဒေသတွင်းမြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Kawlin Revolution-KR ကလည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကောလင်းမြို့ကို နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး လေးရက်မြောက် ဒီကနေ့ ကိုးနာရီမှာ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ Kawlin Revolution-KR က ဆိုပါတယ်။
နောက်ဆုံးအခြေအနေတွေအရ ကောလင်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးနောက် ပြန်ဆုတ်ခွာနေကြပြီလို့လည်း ဖော်ပြထားပါတယ်။
လေးရက်ကြာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က တပ်စုမှူးတဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကနဦးသိရပါတယ်။
ကောလင်းမြို့တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီက လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက် စတဲ့ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက DNA ကိုပြောထားပါတယ်။
ဒါကြောင့် မြို့တွင်းမှာ အရပ်သားတွေ အဆက်အသွယ်ပြတ်တောက်ပြီး ပိတ်မိခဲ့တာ ရှိသလို နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက မြို့တွင်းအထိ လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေ ရှိပြီး အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲတွေကြောင့် ကောလင်းဒေသခံ ငါးသောင်းဝန်းကျင် စစ်ဘေးရှောင်နေရပြီး ရဲစခန်းအတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ၊ ပိတ်မိနေတဲ့ မြို့ခံတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
ဓာတ်ပုံ – NUG