သတိပြုဖွယ် သတင်းတု၊ သတင်းမှားများ အန္တရာယ်

နိုဝင်ဘာ၊ ၆
 
🔸သတင်း
 
သတင်းဆိုတာ “ကြားသိအပ်သော အဖြစ်အပျက် အကြောင်းအရာ”လို့ မြန်မာအဘိဓာန်မှာ အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြထားပါတယ်။ ဒါ့အပြင် သတင်းဆိုတာ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာမှာ ဖြစ်ပျက်သမျှ၊ သိသင့်သိထိုက်သော ပြန်လည်ဖြန့်ဝေရန် ထိုက်တန်သော အမှတ်အသားပြုအပ်သော လတ်တလော အဖြစ်အပျက်များကို ဆိုလိုသော်လည်း အချက်အလက်အကြောင်းအရာတိုင်း သတင်းမဖြစ်ပါ။
 
🔸ကောလာဟလ
 
ကောလာဟလဆိုတာ အုတ်အုတ်ကျက်ကျက် ဒီလိုဖြစ်တော့မယ်လို့ သတင်းစကားကို တဦးနှစ်ဦးကစလို့ အများစုအနေနဲ့ အသံတူ စကားတူ၊ ရုတ်ရုတ်ရက်ရက်ပြောဆိုကြတာလို့ ဆိုပါတယ်။ ကောလာဟလမှာ ဖြစ်လိုသော ဆန္ဒကို ထုတ်ဖော်ပြောဆိုရင်း ဖြစ်လာသည့် ကောလာဟလ (ဥပမာ နှစ်စဉ်မတ်လရောက်တိုင်း ထွက်ပေါ်လာတတ်သည့် ကောလာဟလမှာ ဝန်ထမ်းများကို လစာတိုးပေးတော့မည်ဟု ထွက်ပေါ်လာတတ်ပြီး အကျိုးဆက်ကတော့ ကုန်ဈေးနှုန်း ကြီးမြင့်သွားခြင်းပါပဲ)၊ ကြောက်ရွံ့မှုကြောင့် ဆင့်ကဲသတင်းပေးရင်း ဖြစ်ပေါ်လာတဲ့ ကောလာဟလ (ဥပမာ ငါ့စကော၊ ကလေးသူခိုး၊ ခေါင်းပြတ်သူရဲ၊ ဆည်ကျိုးသွားပြီ စတာတွေဖြစ်ပြီး အကျိုးဆက်ကတော့ လူအများ ထိတ်လန့်ကြောက်ရွံ့စေမှု ဖြစ်စေခြင်းပါပဲ)၊ တစုံတခု ဖြစ်လာစေရန် ကြံရွယ်ပြီး ဖြန့်ဝေတဲ့ ကောလာဟလ (ဥပမာ- ဘဏ်တော့ ဒေဝါလီခံတော့မယ်၊ ဓါတ်ဆီဆိုင် တွေမှာ ဆီမရှိတော့ဘူး စတာတွေဖြစ်ပြီး လူအများ စိုးရိမ်တကြီးနဲ့ ငွေအလုအယက်ထုတ်တာတွေ၊ ဆီဆိုင်တွေမှာ စုပြုံတိုးဝှေ့ ဝယ်ယူတာတွေ ဖြစ်လာစေတာပါပဲ)။ လူတွေရဲ့ ကြောက်ရွံ့စိုးရိမ်စိတ်ကြီးမှုတွေကလည်း ကောလာဟလကို ပိုမိုပြန့်နှံ့စေပါတယ်။
 
သတင်းတွေကို ရေးသားထုတ်လွှင့်ရာမှာ အရင်က သတင်းဌာနများ၊ သတင်းတိုက်များကသာ ဖြန့်ဝေ ရေးသားထုတ်လွှင့်မှုများ ပြုခဲ့ကြပေမယ့် ယနေ့ နည်းပညာခေတ်မှာတော့ လူမှုကွန်ရက် ပလက်ဖောင်း အများအပြားကနေ လူတဦးချင်းစီတိုင်းက တွေ့မြင်ကြားသိသမျှ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေနေကြပါတယ်။ ဒီလို ဖြန့်ဝေတဲ့အခါမှာ ကောလဟလသတင်း၊ ဝါဒဖြန့်သတင်း၊ သွေးထိုးလှုံ့ဆော်သတင်း စတာတွေကို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီ၊ ဂိုဏ်းဂဏ၊ အသင်းအဖွဲ့အလိုက် ရေးသားဖြန့်ဝေလျက်ရှိရာမှာ သတင်းအစစ်အမှန်များအပြင် သတင်းတု၊ သတင်းမှား များကိုပါ ရေးသားဖြန့်ဝေနေတဲ့အတွက် လူအများအနေဖြင့် အတွေးခေါ်အယူအဆ အသိအမြင်မှားဖြစ်ပြီးတော့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။
 
သတင်းဖတ်ရာမှာလည်း သတင်းတိုင်းဟာ အမှန်မဖြစ်နိုင်တဲ့အတွက် စာဖတ်သူတွေအနေနဲ့ သတင်းရင်းမြစ်ရဲ့ ယုံကြည်စိတ်ချရမှုကို ဝေဖန်ပိုင်းခြားနိုင်ဖို့ အရေးကြီးပါတယ်။ အခုအချိန်မှာ တဖက်နဲ့တဖက်၊ တဖွဲ့နဲ့တဖွဲ့ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်လို့ သတင်းတု၊ သတင်းမှားတွေကို လူမှုကွန်ယက်ပလက်ဖောင်းမျိုးစုံကနေ ဖြန့်ဝေနေတဲ့အတွက် ပြည်သူလူထုအတွက် အန္တရာယ် အဆိပ်အတောက် ဖြစ်နေပါတယ်။
 
သတင်းအမှားတွေကို ယုံကြည်စိတ်ချရနိုင်တဲ့ သတင်းကျင့်ဝတ်အတိုင်း တင်ဆက်နေတဲ့ မီဒီယာတွေမှာ တွေ့ရမှုနည်းပါးပြီး လူမှုကွန်ယက် ပလက်ဖောင်းဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေမှာတော့ မီဒီယာအမည်ခံ သတင်းပေ့ချ်များ၊ အသင်းအဖွဲ့၊ ပါတီ၊ ဂိုဏ်းဂဏလော်ဘီများ၊ ဆယ်လီများက ရေးသားလေ့ ရှိကြပါတယ်။ ပျော်စေပျက်စေ အစအနောက် သတင်းအမှားများကစပြီး လူတဦးတယောက်၊ အဖွဲ့အစည်းတခုကို အများ နားလည်မှုလွဲမှားစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဦးတည်တိုက်ခိုက် ဝါဒဖြန့်တဲ့အနေနဲ့ ရေးသားနေကြပါတယ်။
 
သတင်းကျင့်ဝတ်အတိုင်း တင်ဆက်နေတဲ့ မီဒီယာတွေနဲ့ လော်ဘီတွေ၊ အမည်ခံသတင်းပေ့ချ်တွေရဲ့ ရပ်တည်ချက်မတူတဲ့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကလည်း ကွာခြားသွားပါတယ်။ သတင်းကျင့်ဝတ်အတိုင်း တင်ဆက်နေတဲ့ မီဒီယာတွေကတော့ သတင်းမှားရေးသားမိပါက တရားဝင်ပြန်လည် ဖြေရှင်းတောင်းပန်ကာ သတင်းမှားယွင်းသွားကြောင်း ဖော်ပြပြီး သတင်းမှန် ပြန်လည်ပြင်ဆင်ဖြည့်စွက်ရေးသားမှုများ ပြုလုပ်ကြပါတယ်။ လော်ဘီအကောင့်များ၊ အမည်ခံမီဒီယာပေ့ချ်များကမူ တာဝန်ယူမှုမရှိဘဲ အချို့ကသာ သတင်းမှား ပို့စ်ကို ပြန်လည်ဖြုတ်ချသွားခြင်းသာ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။
 
🔸သတင်းတု၊ သတင်းမှားဆိုတာ ဘာတွေလဲ
 
သတင်းမှား Misinformation ဆိုတာ အန္တရာယ်ဖြစ်စေဖို့ မရည်ရွယ်ပဲ သတင်းတု၊ သတင်းမှားတွေဖြစ်တယ်လို့ မသိပဲ လူအများ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်မျှဝေခြင်း၊ တင်ပြခြင်းမျိုးဖြစ်ပါတယ်။ သတင်းမှားကြောင့် ထိခိုက်နစ်နာမှုများလည်း အနည်းငယ်ရှိနိုင်ပါတယ်။
 
သတင်းတု Disinformation ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေးကိစ္စတွေမှာ အန္တရာယ်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးရေးသား ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။ ထိခိုက်နစ်နာမှု ဆိုးကျိုးများပြား နိုင်ပါတယ်။
 
သတင်းတု/သတင်းမှား တွေနဲ့ပတ်သက်လို့ နိုင်ငံတကာအချက်အလက်စစ်ဆေးခြင်း ကွန်ရက် First Draft က ခွဲခြားသတ်မှတ်ထားတဲ့ သတင်းတု၊ သတင်းမှား (၇)မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။ အဲဒါတွေက-
 
▪သရော်စာ (သို့) စာပြောင်စာပျက်
 
အန္တရာယ်ဥပါဒ်ဖြစ်စေရန် မရည်ရွယ်သော်လည်း အချက်အလက် ရေလိုက်လွဲစေနိုင်တဲ့ ရေးသားထားတဲ့ အကြောင်းအရာတခုဖြစ်ပါတယ်။ ဥပမာ – ရယ်စရာ အပြုအမူများ၊ မဟုတ်တမ်းတရား ကောလဟာလတွေ နဲ့ တခြားတကယ်လို့ ထင်ရလောက်တဲ့ အဖြစ်အပျက်တွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ အိမ်နီးချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နောက်ပြောင်လေ့ရှိပြီးတော့ လူအနဲစုအနေနဲ့သာ သိရှိကြပါတယ်။
 
▪လှည့်ဖျားမှားယွင်းသော တင်ဆက်ချက်
 
အချက်အလက်နဲ့ ဖြစ်စဉ်တွေကို လိုအပ်တဲ့ပုံစံဖြစ်အောင် ယူဆရေးသားထားပြီး တစုံတဦး ဒါမှမဟုတ် ပြဿနာတရပ်အား အကွက်ဆင်ဆက်စပ်ကာ ပြုပြင်ထားတဲ့ သတင်းမှားအကြောင်းအရာကိုသာ မီးမောင်း ထိုးပြခြင်းဖြစ်ပါတယ်။
 
▪အယောင်ဆောင်တင်ဆက်ချက်
 
ယုံကြည်ရတဲ့ စစ်မှန်တဲ့ သတင်းရင်းမြစ်အနေနဲ့ လှည့်စားပြီးတော့ မှားယွင်းနေတဲ့ တင်ပြမှုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။
 
▪အစအဆုံးလုပ်ကြံဖန်တီးတင်ဆက်ချက်
 
အလုံးစုံ ၁၀၀ ရာခိုင်နှုန်းမှားယွင်းတဲ့ အကြောင်းအရာဖြစ်စဉ်ကို ရေးသားထားခြင်းဖြစ်ပါတယ်။ အန္တရာယ် ဖြစ်စေဖို့နဲ့ လှည့်ဖြားဖို့ ရည်ရွယ်တဲ့ လုံးဝမှားယွင်းသော အကြောင်းအရာဖြစ်ပါတယ်။
 
▪အဆက်စပ်အမှား
 
ခေါင်းကြီးသတင်းအဖြစ် ဖော်ပြကိုးကားထားတဲ့ပုံနှင့် စာတန်းထိုးပုံတွေဟာ အမှန်တကယ်ဖော်ပြထားတဲ့ သတင်းအကြောင်းအရာ ဖော်ပြမှုတွေနဲ့ ကိုက်ညီမှုမရှိဘဲ အယောင်ဆောင်တင်ပြခြင်းဖြစ်ပါတယ်။
 
▪အခြေအနေအခင်းအကျင်းအမှား
 
အမှန်တကယ်ဖြစ်ပျက်ခဲ့တာ ဒါမှမဟုတ်ဖြစ်ပျက်နေသော သတင်းအကြောင်းအရာတွေကို လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်ယူဆချက်တွေနဲ့ ပူးပေါင်းကောက်နှုတ်ပြုပြင်ပြီး ဖော်ပြခြင်းဖြစ်ပါတယ်။
 
▪ပြုပြင်စီမံတင်ဆက်ချက်
 
သတင်း၊ ရုပ်ပုံအမှန်ကို တနည်းတဖုံပြုပြင်ပြီး သတင်းအမှားအဖြစ် လုပ်ကြံဖန်တီးတင်ဆက်ချက်ဖြစ်ပါတယ်။
 
စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံသူတွေ၊ ဝါဒဖြန့်ချိရေးသမားတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အပေါ် အထင်လွဲစေနိုင်သော သတင်းတု၊ သတင်းမှားများကို မရပ်မနား ဘက်ပေါင်းစုံကနေ ဆက်တိုက်ရေးသား ဖြန့်ချိတိုက်ခိုက်နေပါတယ်။
 
🔸သတင်းတု၊ သတင်းမှားတွေ ဖြန့်ဝေရတဲ့အကြောင်း
 
သတင်းတု၊ သတင်းမှားတွေဟာ အများအားဖြင့် သဘာဝဘေးအန္တရာယ်ကာလ၊ စစ်ပွဲကာလ၊ ကပ်ရောဂါ ဘေးကာလ၊ စီးပွားရေးမတည်ငြိမ်မှုကာလ၊ နိုင်ငံရေးပြိုင်ဆိုင်မှုကာလ၊ ဘာသာရေးပဋိပက္ခကာလတွေမှာ ဖြန့်ဝေရေးသားလေ့ရှိကြတာ တွေ့ရပါတယ်။ စစ်ကောင်စီက မဲမသမာမှုကြောင့် အာဏာသိမ်းရပါတယ် ဆိုတဲ့ကိစ္စကို မှန်ကန်ကြောင်း လူအများကို အယုံသွင်းဖို့နဲ့ စစ်တပ်မရှိရင် အမျိုးဘာသာ သာသနာကွယ် ပျောက်တော့မှာဖြစ်တယ်ဆိုပြီး သတင်းအချက်အလက်၊ ရုပ်ပုံတို့ကို အသုံးချပြီး လှည့်ဖျားလုပ်ဆောင် ဝါဒဖြန့်နေကြပါတယ်။ ဝါဒဖြန့်ရတဲ့အကြောင်းကတော့ စစ်ကောင်စီရဲ့နောက်လိုက် အပေါင်းအပါတွေကို သူတို့အပေါ်ယုံကြည်မှုဆက်ရှိနေစေဖို့နဲ့ စိတ်ဓါတ်တက်ကြွနေစေဖို့ အသုံးပြုနေကြပါတယ်။
 
မြန်မာနိုင်ငံမှာ လူမှုကွန်ရက်အွန်လိုင်း အသုံးပြုသူတွေ များပြားလာပြီး အသုံးများတဲ့ လူမှုကွန်ရက်တွေ အနေနဲ့ Instagram၊ Facebook၊ Youtube၊ Tik Tok၊ Telegram တို့ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာတော့ Twitter (X)၊ Pinterest ၊ Amazon၊ WeChat ၊ Snapchat တို့ကိုအသုံးများပါတယ်။ ဒီလိုအသုံးပြုရာမှာ လည်း လူတဦးချင်း၊ အစုအဖွဲ့၊ ဌာန၊ မီဒီယာများအနေနဲ့ သတင်းအချက်အလက်တွေကို စာနဲ့ဖြစ်စေ၊ ပုံများနဲ့ဖြစ်စေ၊ တိုက်ရိုက်ရုပ်သံလွှင့်ချက်နဲ့ဖြစ်စေ အမျိုးမျိုးထုတ်လွှင့်ရေးသားကြပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက Twitter (X)၊ Instagram နဲ့ Facebook တွေကို ပိတ်ခဲ့ရာ ကျန်ရှိနေတဲ့ Youtube မှာ ချန်နယ်တွေများလာပြီး သတင်းတု/မှားတွေ ဖြန့်ဝေရာ နေရာ ဖြစ်လာခဲ့ပါတယ်။ စစ်ကောင်စီဟာ အရင်က Viber ကို အဓိကထားပြီးသုံးခဲ့ပေမယ့် နောက်ပိုင်းမှာ Whatsapp နဲ့ Telegram တွေကိုပါ အသုံးပြုပြီး အချင်းချင်းဆက်သွယ်ဖို့နဲ့ ဝါဒဖြန့်ချီရာ ပလက်ဖောင်းအဖြစ် အသုံးပြုလာတာကို တွေ့ရပါတယ်။ စစ်ကောင်စီက Facebook အနေနဲ့သတင်းတု၊ သတင်းမှား၊ အမုန်းစကားဖြန့်ဝေတဲ့ အကောင့်တွေကို ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်လာတာကြောင့် Facebook မှာ ဝါဒဖြန့်မရတော့လို့ Telegram မှာ ချန်နယ်ဖွင့်ပြီး စစ်​ကောင်စီအတွက် ဝါဒဖြန့်တာနဲ့ စစ်အုပ်စုဆန့်ကျင်သူတွေကို တိုက်ခိုက်တာ၊ ဖမ်းဆီးဖို့လှုံ့ဆော်တာတွေ ပြုလုပ်လာခဲ့ပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ Subscribers များ လာတာနဲ့အမျှ ပြည်သူတွေအတွက် သတင်းတု၊ သတင်းမှားတွေက အဆိပ်အတောက်အဖြစ် အန္တရာယ်များ လာပါတယ်။
 
ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတု/မှားတွေက အန္တရာယ်များပြီး တခါတရံအသက်ဆုံးရှုံးရတဲ့အထိ ဖြစ် နိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေမှာလဲ သတင်းမှားတွေကို အချိန်ကိုက်ဖြန့်ဝေနေတဲ့ တွက် အများပြည်သူအတွက် စိုးရိမ်ထိတ်လန့်မှုနဲ့ အကြောက်တရားတွေကို ပိုမိုဖြစ်ပေါ်စေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်မှုနဲ့ မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေမှာဖြစ်ပါတယ်။
 
သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး ရန်ကုန် မှာ မိုခါမုန်တိုင်းကြောင့် အိမ်တွေပါ ကျွတ်ထွက်ကုန်ပြီဆိုတဲ့ သတင်းမှားကို AFP Fact Check Myanmar က စိစစ်ထားကို ဒီမှာ ဖတ်ရှု့နိုင်ပြီး အလားတူ မိုခါမုန်တိုင်းနဲ့ဆိုင်တဲ့ သတင်းမှားတွေကို စိစစ်ထားတဲ့ Mizzima Burmese Fact Check ကို ဒီနေရာ မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။
 
ကျန်းမာရေးနဲ့ပတ်သက်လို့ AIDS ရောဂါကို တိုင်းရင်းဆေးနဲ့ကုသနိုင်ပြီဆိုပြီး ဖြန့်ဝေထားတဲ့သတင်းမှားကို အချက်အလက်စိစစ်ထားတဲ့ Mizzimaburmese Fact check ကို ဒီမှာ ဖတ်ရှု့နိုင်ပြီး အရေးပေါ်မြွေကိုက်ခံရသူတွေကို အာတာလွတ်ဥနဲ့ ကုသနိုင်ဆိုတဲ့သတင်းမှားကို AFP Fact Check Myanmar က စိစစ်ထားတာကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ ထုတ်ပြန်ချက်သတင်းမှားတွေနဲ့ပတ်သက်လို့ ၅၀ တန်၊ ၁၀၀ ကျပ်တန်တွေကို တရားဝင်ငွေကြေးအဖြစ်ကနေ ရုပ်သိမ်းတယ်ဆိုတဲ့သတင်းမှားကို Delta News Agency က စိစစ်ထားတာကို ဒီမှာ ဖတ်ရှု့နိုင်ပါတယ်။
 
🔸သတင်းတွေကို ဖတ်မယ်ဆိုရင်
 
ကိုယ့်ရဲ့ ဆင်ခြင်တုံတရားကို အသုံးချပြီး သတင်းက မမြင်ဘူး မကြားဖူးတဲ့ page အချို့၊ လူပုဂ္ဂိုလ် အကောင့် အချို့က နေတက်လာတာလား၊ သတင်းကမကြာခင်ကဖြစ်ခဲ့တာလား ၊ဒါမှမဟုတ် အဟောင်းကြီး လား၊ တမင်ရည်ရွယ်ချက်ရှိရှိ ပြန်ဝေမျှနေတာလားဆိုတာတွေ သတိထားဖို့လိုပါတယ်။ ဒါကြောင့် သတင်း မှားတွေကို ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့ အရင်ကြည့်ရှုဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
 
သတင်းရင်းမြစ်ကို ဆန်းစစ်ဖို့အရေးကြီးပါတယ်။ သတင်းရင်းမြစ်က ဘယ်တုန်းကမှ မကြားဖူးတဲ့ အရင်း အမြစ်နာမည်တွေ ဖြစ်နေတတ်ပါတယ်။ သေချာဆန်းစစ်ဖို့လိုပါမယ်။ တချို့ သတင်းအမှားဖြန့်သူတွေက မကြားဖူးတဲ့ ဝက်ဘ်ဆိုဒ်တွေ၊ သတင်းဌာနနာမည်ခံတွေ ၊ နာမည်တု သတင်းဌာနပုံစံတွေ ဖန်တီးတတ် ကြပါတယ်။ လွတ်လပ်ပြီး ယုံကြည်ရတဲ့ မီဒီယာတွေကနေ အဲ့ဒီသတင်းမျိုးတင်ထားခြင်းရှိမရှိ စီစစ် ဖတ်ရှု့ဖို့လိုပါတယ်။
 
ဘယ်သူက သတင်းကိုရေးသားတာလဲဆိုတာ သိဖို့လိုပါတယ်။ သတင်းတပုဒ်ကို မြင်ရင် ဒီသတင်းကို တခြားသတင်းဌာနတွေက ဘယ်လိုရေးသားတာလဲဆိုတာကို ဆန်းစစ်ရပါမယ်။ တဉီးတယောက်တည်း ရေးသားတာမျိုးကို အလွယ်တကူ မယုံကြည်ဖို့လိုပါတယ်။ ဒါ့အပြင် သတင်းခေါင်းစဉ်နဲ့သတင်းက ကိုက် ညီမှုရှိရဲ့လားဆိုတာကို အစအဆုံးဖတ်ရှုဆုံးဖြတ်ဖို့ လိုပါတယ်။
 
သတင်းမှာ ဘယ်သူတွေကို မေးမြန်းဖော်ပြထားလဲဆိုတာ သိအောင်ဖတ်ရပါမယ်။ ယုံကြည်ရတဲ့သတင်း ရင်းမြစ်တွေက သတင်းထဲမှာ အချက်အလက်စုံ၊ အင်တာဗျူး အမေးအဖြေအစုံကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် မျက်မြင်သက်သေတွေကိုပါ စုံလင်စွာ ထည့်သွင်းထားပါတယ်။ သတင်းမှားတွေက ပုံအတုတွေ၊ သတင်းရင်းမြစ် မသေချာတာတွေနဲ့ ဖော်ပြတတ်လေ့ရှိပါတယ်။
 
မှန်သလားဆိုတာ အမြဲဆန်းစစ်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် သတင်းအမှားတွေက စာဖတ်သူတွေရဲ့ အာရုံ စိုက်မှုကိုပဲ လိုချင်ကြပြီး အကြောက်တရားတွေ ပေးလေ့ရှိပါတယ်။ ဒါကြောင့် တကယ်ဖြစ်နိုင် မဖြစ်နိုင်ကို ကိုယ်တိုင် ဆန်းစစ်ဖို့လိုပါတယ်။
 
သတင်းဓာတ်ပုံတွေကလည်း အဓိကကျပါတယ်။ သတင်းအမှားတင်တဲ့သူတွေက နောက်ပိုင်းမှာ သူတို့ သတင်းတွေကို စာဖတ်သူတွေ ယုံကြည်အောင် သတင်းဓာတ်ပုံအမှားတွေ သုံးပြီး ဖော်ပြလာကြပါတယ်။
 
သတင်းခေါင်းစဥ်ကိုပဲ ဖတ်တာမလုပ်ပဲနဲ့ သတင်းပါအကြောင်းအရာတွေကို ဝင်ရောက်ဖတ်ရှုပါ။ သတင်းရဲ့ အချိန်နဲ့ နေရာကို သတိပြုဖို့လိုပါတယ်။
 
သတင်းမှားတွေကို တွေ့ရင် Report လုပ်ဖို့လိုတဲ့အပြင် မိမိသူငယ်ချင်းတွေကိုလည်း သတင်းမှားဖြစ် ကြောင်း ပြောပြအသိပေးရပါမယ်။ ထုတ်ပြန်ကြေငြာချက် အတုတွေ အသုံးပြုပြီး ဖန်တီးထားတဲ့သတင်း တု၊ လူအများစိတ်ဝင်စားတဲ့ သတင်းတွေအပေါ် အခြေခံလုပ်ကြံဖန်တီးထားတဲ့ သတင်းတု၊ သတင်းစာ ဖြတ်ပိုင်းပုံစံ သတင်းတု၊ သတင်းဓါတ်ပုံအတု(သို့)အခြားက ဆက်စပ်တဲ့သတင်းဓါတ်ပုံတွေ အသုံးပြုပြီး ပြုလုပ်ထားတဲ့သတင်းမှား၊ သတင်း ဗီဒီယို အတု၊ ဆင်တူရိုးမှား သတင်းစာမျက်နှာများ ဖန်တီးပြီး ဖြန့်ဝေတဲ့ သတင်းတုတွေကို ကိုယ်တိုင်ပဲ ရှောင်ကြဖို့ လိုပါတယ်။
 
Fact Checking (အချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းများ)က သတင်းမှားဖြစ်ကြောင်း စိစစ်ထားမှု ရှိမရှိကို သိရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်း၊ သတင်းဌာနတွေ နည်း ပါးနေသေးလို့ သတင်းတု၊ သတင်းမှားတွေကို အချိန်နဲ့တပြေးညီ စိစစ်ပြီး သတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ပေးနိုင်မှု အားနဲနေလို့ သတင်းတု၊ သတင်းမှားတွေ ပိုမိုပြန့်နှံ့နေပါတယ်။ ဒါ့ကြောင့် သတင်းမှား ၊ သတင်းတု ထုတ်ပြန်ရေးသားခံရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက တာဝန်ရှိသူတွေအနေနဲ့ အချက်အလက်စစ် ဆေးပေးတဲ့ အဖွဲ့အစည်း၊ သတင်းမီဒီယာဌာနတွေကို သတင်းမှားဖြစ်ကြောင်းနဲ့ သတင်းမှန်ပြန်လည်ထုတ် ပြန်အသိပေးနိုင်ဖို့ ပူးပေါင်းကူညီဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
 
လူမှုကွန်ရက်၊ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာတွေဟာ လူသားတွေကို ကြီးကြီးမားမား အကျိုးပြုတာ အားလုံးအသိပါပဲ။ နောင်လည်း မရှိမဖြစ် ဆက်လက် လိုအပ်နေဦးမှာပါ။ ကိုယ်အသုံးချနိုင်ရင် အသုံးချနိုင် သလောက် အကျိုးဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ သတင်းတု၊ သတင်းမှားတွေဟာ စစ်ပွဲနဲ့ ပဋိပက္ခဖြစ်ပွားရာနေရာတိုင်းမှာ ကမ္ဘာ့ကပ်ရောဂါတစ်ခုသဖွယ် တဖြည်းဖြည်း ကူးစက်ပြန့်နှံ့လာနေပါတယ်။ ဒါကြောင့်လူမှုကွန်ရက်တွေနဲ့ ဒစ်ဂျစ်တယ်မီဒီယာတွေကို အန္တရာယ်မရှိအောင် အသုံးပြုနိုင်ဖို့နဲ့ အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ဖို့ဆိုရင် သုံးစွဲသူကိုယ်တိုင် သတိနဲ့ဆင်ခြင် အသုံးပြုဖို့ ဖြစ်ပါတယ်။ ဉာဏ်ရည်တု(AI)လို နည်းပညာတွေမြင့်လာတဲ့အတွက် လူသားတွေဟာ အဲဒီနည်းပညာတွေကို ပိုပြီးအားကိုးလာရတာ မှန်ပေမယ့် အမှား/အမှန် ချင့်ချိန်စဉ်းစားနိုင်စွမ်းနဲ့ လိုက်လျောညီထွေ ဆုံးဖြတ် နိုင်စွမ်းတွေကိုတော့ လူသားတွေက ပိုင်ဆိုင်ထားတာဖြစ်လို့ ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ ကာကွယ်ကြရမှာ ဖြစ်ပါတယ်။
 
#globalMILWeek2023 #mediaandinformationliteracy #mil