ဂါဇာအရေးကြောင့် ယူကရိန်းအပေါ် နိုင်ငံတကာ အာရုံစိုက်မှု လျော့ကျသွားကြောင်း ဇီလန်စကီးဆို

နိုဝင်ဘာ၊ ၆

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်မီး တောက်လောင်လာတဲ့အခါ ယူကရိန်း စစ်ပွဲအပေါ် ကျရောက်နေတဲ့ နိုင်ငံတကာ အာရုံစိုက်မှုဟာ အရှေ့အလယ်ပိုင်းဖက်ကို ကူးပြောင်းသွားတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့ရာက စတင်ခဲ့တဲ့ အရှေ့ဥရောပ ဒေသတွင်း စစ်ပွဲကြီးဟာ နိုင်ငံတကာ သတင်းခေါင်းကြီးပိုင်းတွေမှာ အစဉ်တစိုက် နေရာရခဲ့ပေမယ့် ပြီးခဲ့တဲ့ လဆန်းပိုင်းမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားတွေကြား စစ်မီးတောက်လောင်လာချိန်မှာတော့ အာရုံစိုက် ခံရမှု လျော့ကျသွားခဲ့ပါတယ်။

ကိယက်ဗ်မြို့ကို အလည်အပတ် ရောက်ရှိခဲ့တဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်နဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မီဒီယာသမားတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ ဇီလန်စကီးက အရှေ့အလယ်ပိုင်းက ပဋိပက္ခကြောင့် ယူကရိန်း စစ်ပွဲအပေါ် နိုင်ငံတကာ အာရုံစိုက်မှုတွေ အားလျော့သွားတဲ့ အရှိတရားကို လက်ခံဖို့ လိုတယ်လို့ ပြောကြားသွားပါတယ်။

တဖက်မှာလည်း အဲဒီလိုမျိုး ယူကရိန်း စစ်ပွဲအပေါ် နိုင်ငံတကာက မေ့မေ့ပျောက်ပျောက် ဖြစ်စေချင်တာဟာ ရုရှားရဲ့ အလိုလားဆုံး ဆန္ဒတခုကို ကူညီ ဖြည့်ဆည်းနေသလိုပဲလို့ သူက သတိပေးပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ယူကရိန်း စစ်ပွဲအပေါ် အများစု အာရုံစိုက်မှုက အားလျော့သွားတယ် ဆိုပေမယ့် အခြေအနေတွေဟာ ယူကရိန်းအတွက် လက်လှမ်းမီပြီး ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲလို့ ဇီလန်စကီးက ပြောပါတယ်။ 

သူက ရုရှားနဲ့ ယူကရိန်း စစ်ပွဲရလဒ်ဟာ သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်မလာနိုင်တော့ဘဲ လက်ရှိ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေအတိုင်း ဆက်ရှိနေနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ပယ်ချသွားပါတယ်။ ဒါပေမဲ့ ရုရှားက ဝေဟင်စိုးမိုးမှုမှာ အပြတ်အသတ် အသာစီး ရနေတာကိုတော့ ဇီလန်စကီးက ဝန်ခံပြီး ဒီအခြေအနေကို သိသိသာသာ ပြောင်းလဲပစ်ဖို့ဆိုရင် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်း ကာကွယ်ရေး စနစ်တွေ ဖြည့်တင်းနိုင်ရေး အပူတပြင်း လိုအပ်လိမ့်မယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

Ref: AFP