ကျိုက်ထိုမှာ ခရီးသည်တင်ကား လက်နက်ကြီးထိလို့ ရှစ်ဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၂
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ နိုဝင်ဘာလ ၁ ရက်၊ မနေ့က ည ၈ နာရီခွဲခန့်မှာ ခရီးသည်တင်မှန်လုံယာဉ်တစီး လက်နက်ကြီးထိမှန်လို့ ယာဉ်ပေါ်ပါခရီးသည် ရှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ကားမမှောက်ဘူး။ ပေါက်ကွဲတဲ့ အရှိန်ကြောင့်ပဲ ခြေ၊ လက်၊ ခေါင်းတွေ ပေါက်ပြဲတာပေါ့ ရှိမယ်။ နည်းနည်းများတာက ရှစ်ယောက်လောက်၊ ကျန်တဲ့သူတွေက နည်းနည်းထိခိုက်ပွန်းပဲ့တာတော့ ရှိတယ်ပေါ့ ” လို့ ကျိုက်ထိုအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း PT Power စက်သုံးဆီအရောင်းဆိုင်အနီးမှာ ရန်ကုန်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ “အောင်ကျော်မိုး” မှန်လုံခရီးသည်တင်ကားကို အမည်မသိအဖွဲ့တခုမှ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
 
ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါသူ လေးဆယ်ဦးအနက် အမျိုးသားလေးဦးနဲ့ အမျိုးသမီးလေးဦးက ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးစနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
“ လက်နက်ကြီးလား၊ မိုင်းလားတော့ မသဲကွဲနေဘူး၊ ကားရဲ့ အလယ်ပိုင်းပေါ့ ထိသွားတာ။ ကားပေါ်ပါတဲ့သူတွေလည်း သေချာမသိဘူး။ ကားနည်းနည်းပျက်စီးတာတော့ ရှိတယ်ပေါ့ ” လို့ အဲဒီလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
 
ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ခရီးသွားတွေကို သထုံခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပေါလောဓမ္မာရုံမှာ ခေတ္တတည်းခိုဖို့ စီစဉ်ပေးခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
လက်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ခရီးသွားရှစ်ဦးဟာ ဒဏ်ရာမစိုးရိမ်ရတာကြောင့် ဒီကနေ့မှာပဲ သက်ဆိုင်ရာဒေသတွေကို ပြန်သွားကြပြီးဖြစ်တယ်လို့ သိရပါတယ်။
 
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
 
ဒီလို ပြည်သူတွေထိခိုက်စေမယ့် လုပ်ရပ်မျိုးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ငြင်းဆိုပါတယ်။
 
“ ပြည်သူတွေ ထိမယ့်ဟာမျိုး ကျွန်တော်တို့ မလုပ်ပါဘူး၊ ဒါက သက်သက်သူတို့တွေ ဝါဒဖြန့်နေတာပဲ၊ သူတို့ လက်နက်ကြီး ရမ်းပစ်နေတာ တညလုံးပဲဟာ ” လို့ သူကပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ မကြာမီရက်ပိုင်းကမှ လက်နက်ကြီး အထိုင်ချထားတဲ့ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်အကြား သဲဖြူချောင်းတံတားဂိတ်ကနေ စမ်းသပ်ပစ်ခတ်လိုက်လို့ ခရီးတင်ယာဉ်ကို ထိမှန်သွားတာလည်း ဖြစ်နိုင်တယ်လို့ ကိုအေးမင်းထွန်းက ဆိုပါတယ်။
 
ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းရွာခံတဦးကတော့ မနေ့ညက တညလုံး လက်နက်ကြီး ပစ်ခတ်သံတွေ ဆယ်လုံးနီးပါးခန့် ကြားခဲ့ရပြီး ကျေးရွာအပြင်ဘက်ခြမ်းမှာ လက်နက်ကြီးတချို့ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
 
“ လက်နက်ကြီးအသံတော့ အကျယ်ကြီးကြားရတယ်၊ ရွာအပြင်ဘက်မှာပဲ ကျတာဆိုတော့၊ ရွာထဲမကျဘူး၊ လူလည်း မထိဘူး၊ ဒီတိုင်းပဲ ပစ်နေကြတာပေါ့ ” လို့ သူက ပြောပါတယ်။
 
မွန်ပြည်နယ်မှာဆိုရင် ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ၊ အိမ်စီကားတွေ မိုင်းဆွဲခံရတာ၊ ခြုံခိုတိုက်ခိုက်ခံရတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိရာ တော်လှန်ရေးအင်အားစုဘက်က မှားယွင်းလုပ်ဆောင်ခဲ့မိတာ ရှိသလို စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာဖြစ်ပါတယ်။
 
ဒါ့အပြင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အများစုမှာဆိုရင် မော်တော်ယာဉ်မောင်းသူတွေ၊ ခရီးသည်တွေ၊အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
 
DNA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ ခရီးသည်တင်ယာဉ်၊ အိမ်စီးကားနဲ့ ကုန်တင်ကားတွေ လမ်းမှာ မိုင်းဆွဲခံရတာနဲ့ ခြုံခိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် အကြိမ်သုံးဆယ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုက သထုံ-ကျိုက်ထို အဝေးပြေးလမ်းမကြီးနဲ့ မော်လမြိုင်-ရေး အဝေးပြေးလမ်းမကြီးတွေမှာ ဖြစ်ပွားခဲ့တာပါ။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်