ကန့်ဘလူနယ်ရှိ ချပ်သင်းရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ဖျက်ဆီးခဲ့

 

နိုဝင်ဘာ၊ ၂
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ မြောက်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ ချပ်သင်းကျေးရွာက နယ်မြေရဲစခန်းကို ဒီကနေ့ မနက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ PDF တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့နိုင်တယ်လို့ ပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကန့်ဘလူခရိုင် တပ်ရင်း (၂) နဲ့အတူ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက ပူးပေါင်းပြီး ဒီကနေ့ မနက်လေးနာရီလောက်မှာ စတင်ပြီး ချပ်သင်းနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
 
“ ရဲစခန်းနဲ့ စကစ အထိုင်တပ်နဲ့က သိပ်မဝေးဘူး။ စကစ က ရဲစခန်းထဲ လာထိုင်တာ ရှိတယ်။ အရှင်ပေါ့ဗျ။ ရဲစခန်းကတော့ သူတို့အထိုင်တပ်မဟုတ်ဘူး။ အထိုင်တပ်စခန်းဖြစ်တဲ့ တောင်ကုန်းပေါ်လည်း ပြန်တက်တိုင်တယ်။ သူတို့အထိုင်စခန်းရဲ့ ကာကင်းဖြစ်တဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အဖွဲ့ဝင်က ပြောပါတယ်။
 
ချပ်သင်းရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် အနည်းငယ်သာရှိပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး အင်အား ရှစ်ဆယ်လောက်နဲ့ အထိုင်ချလေ့ရှိပြီး အဲဒီ စခန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေက စခန်းကို စွန့်ခွာပြီး သူတို့ အထိုင်စခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ သူကဆိုပါတယ်။
 
စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဖက်မှာ ထိခိုက်ကျဆုံး မရှိခဲ့သလို စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးပေမယ့် စခန်းအတွင်းက သေနတ်ထိမှန်သူတွေကို ဆွဲထုတ်သွားတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။
 
“ ရဲစခန်းနဲ့ သူတို့ အထိုင်ကုန်းနဲ့က သိပ်မဝေးဘူး။ တောင်ကုန်းပေါ်မှာ အကျအန သူတို့က လုပ်ထားတာပေါ့။ တိုက်ပွဲအတွင်းမှာလည်း အဲဒီကုန်းကနေ လက်နက်ကြီး ပစ်ကူတာတွေ လုပ်ခဲ့တယ်။ အဲဒီကျနော်တို့က တက်မလုံးနိုင်တော့ စခန်းကိုပဲ ဖျက်ဆီးခဲ့နိုင်တာပါ ” လို့ သူကပြောပါတယ်။
 
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောထားပေမယ့် သူက အသေးစိပ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသလို DNA ကတည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
စစ်ကောင်စီတပ်က ချပ်သင်းရွာက ဒေသခံတချို့ကို လူသားဒိုင်းသဖွယ် ထားရှိနေတဲ့အတွက် အဲဒီလူတွေကို ကယ်ထုတ်ရင် ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချပ်သင်းဒေသခံတဦးက ပြောပါတယ်။
 
“ သူတို့(စကစ) က အလာပဲ လက်ခံတယ် ထွက်ခွင့်မပေးဘူး။ ဒီအတိုင်းထွက်သွားတော့ ရတယ်။ ပစ္စည်းဥစ္စာတွေ ရွေ့ပြောင်းမယ်ဆိုရင် လက်မခံတဲ့ပုံစံ ဖြစ်နေတာပေါ့။ အရင်တခေါက်ကတော့ ရွာကလူတွေ ထွက်သွားတာရှိတယ်။ တချို့ကလည်း ကိုယ်အိမ်ထဲက ပစ္စည်းလေးတွေ ခုံမင်နေတော့ ကျန်နေတာလေးတွေ ရှိတယ် ” လို့ သူကပြောပါတယ်။
 
အိမ်ခြေ တထောင်လောက်ရှိတဲ့ ချပ်သင်းရွာက ဒေသခံတချို့က ဒီကနေ့ မနက်ပိုင်းမှာ သူတို့ရဲ့ ဥစ္စာပစ္စည်းတွေကို သယ်ယူပြီး ရွာကိုစွန့်ခွာခဲ့ကာ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေကို သွားရောက်နေထိုင်ကြတာ ရှိတယ်လို့ အဲဒီဒေသခံက ပြောဆိုပေမယ့် ရွာနာမည်တွေကို ထုတ်ဖော်မပြောဆိုပါဘူး။
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွဲပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို နေ့စဉ်နီးပါး တိုက်ခိုက်သိမ်းပိုက်နေစဉ် စစ်ကိုင်းတိုင်းအတွင်းမှာလည်း အခုလို စခန်းသိမ်းတိုက်ပွဲတွေ ပြန်လည်လုပ်ဆောင်နေတာကို တွေ့နေရတာပါ။
 
ညီနောင်သုံးဖွဲ့ကလည်း သူတို့ရဲ့ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူ နိုင်ငံတဝန်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တချိန်တည်းမှာ တိုက်ခိုက်ကြဖို့ တိုက်တွန်းထားလည်း ရှိပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ကောလင်းနဲ့ ထီးချိုင့်နယ်တွေမှာလည်း စစ်ဆင်ရေး ၁၀၂၇အဖြစ် ရခိုင့်တပ်တော် (AA) က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာလည်း ရှိပါတယ်။
 
ဓာတ်ပုံ – ကန့်ဘလူ ပကဖ