(မအလ – ဇော်မဲလုံး နှစ်ပါးခွင်)
နိုဝင်ဘာ၊ ၂
“သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မအလ” ဟု အမည်စာတန်းထိုးထားသော အခန်းတွင်းသို့ ဇော်မဲလုံးတစ်ယောက် ခပ်သုတ်သုတ်ခြေလှမ်းများဖြင့် ဝင်ရောက်သွားသည်။
အခန်းတွင်း ရောက်ပြီးနောက် တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက်ဖြင့် အရပ်မျက်နှာစုံအောင် ကြည့်သည်။ ရှာသည်။ ခေါင်းကုတ်သည်။ သူအလိုမကျ။ ထို့နောက် အခန်းထဲရှိ စားပွဲနောက်သို့သွားသည်။ ထိုစားပွဲခုံအောက်သို့လည်း ခေါင်းထိုးကာ ဝင်ကြည့်သည်။ ခေါင်းခါရမ်းပြီး ပြန်ထွက်လာသည်။ ထိုင်ခုံပုများပင်မကျန် ဟိုလှန်၊ သည်လှန် ဖြင့် လှန်လှောကာ ရှာလျက် ခေါင်းကို တွင်တွင်ခါပြန်သည်။
ထိုစဉ် အခန်းတွင်းသို့ နောက်တစ်ယောက်ဝင်ရောက်လာပြန်သည်။ ယခုဝင်ရောက်လာသူမှာ “အဂိန်းဇော်မဲလုံး” ဖြစ်ပြီး ဦးစွာဝင်ရောက်လာပြီး ဟိုလှန်၊ သည်လှန်ဖြင့် ဟိုရှာ၊ သည်ရှာလုပ်နေသူမှာ “အာ့ကျကျဇော်မဲလုံး” ဖြစ်သည်။ ထိုသူနှစ်ဦးမှာ တစ်ဦးတည်းဟု ထင်မှတ်မှားရသော်လည်း မတူပါ။ တစ်ဦးသည် ဗြောင်လိမ်တတ်သူဖြစ်ပြီး နောက်တစ်ဦးသည် ပေါ်တင်လိမ်တတ်သူ ဖြစ်သည်။ တစ်ဦးသည် အာ့ကျကျဇော်မဲလုံးဖြစ်ပြီး တစ်ဦးသည် အဂိန်းဇော်မဲလုံး ဖြစ်သည်။
အနှီအဂိန်းဇော်မဲလုံးက အခန်းတွင်း ဝင်လာပြီးနောက် ဟိုရှာ၊ သည်ရှာလုပ်နေသည့် အာ့ကျကျဇော်မဲလုံး အနားသို့ ကပ်ကာ စကားဆိုသည်။
” ဘာလုပ်နေတာလဲ အာ့ကျကျ။ မင့်ကြည့်ရတာ မျက်နှာမည်းကြီးနဲ့ ကျက်သရေလည်း မရှိဘဲ ငြိမ်ငြိမ်နေစမ်းပါ “
ထိုအခါ အာ့ကျကျဇော်မဲလုံးလည်း ဟိုရှာ၊ သည်ရှာကို ရပ်ကာ အဂိန်းဇော်မဲလုံးဘက်သို့ လှည့်လျက် စကားပြန်သည်။
” အောင်မာ…အောင်မာ ငါ့များ မျက်နှာမည်းတဲ့။ မင်းနဲ့ ငါနဲ့က တစ်ခွက်တည်းကောင်တွေလေ။ အရူးက တစ်မူးသာ၊ သူတောင်းစားချင်းအတူတူ ခွက်တစ်ချက်ပိုခေါက်ချင်နေသေးတယ်။ ငါက ဗြောင်လိမ်တတ်ပြီး မင်းက ပေါ်တင် လိမ်တတ်တာပဲကွာတယ်။ အခုငါရှာနေတာ မင့်အဘ၊ ငါ့အဘ သတ်ချုပ်မအလကိုပဲကွ “
“ စကားကို အေးဆေးပြောပါကွ။ ရန်မလိုပါနဲ့။ မင့်အဘ၊ ငါ့အဘက KIA အပေါ် သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်သွားပြီလို့ ပြောဆိုပြီး ဟော့ဟိုအခန်းထဲ ဝင်သွားတော့တာပဲ။ ပါးစပ်ကလည်း တဗူးဗူး၊ နှာခေါင်းကလည်း တရှူးရှူးနဲ့ အသံတွေမြည်ပြီး ဝင်သွားတာပဲ ဟျောင့်ရေ။ အတော်ကြာနေပြီ ထွက်မလာသေးဘူး ”
သတ်ချုပ်မအလ ထိုင်သ ည့်စားပွဲနောက်နားတွင် တံခါးတစ်ချပ်ရှိပြီး ထိုတံခါးဘက်သို့ မေးငေါ့ပြလျက် အဂိန်းဇော်မဲလုံးက အာ့ကျကျဇော်မဲလုံးကို ပြောလိုက်သည်။ သူတို့နှစ်ဦး စကားအခြေအတင်ပြောနေစဉ်မှာပင် အခန်းတွင်းသို့ နောက်တစ်ယောက်ထပ်မံဝင်ရောက်လာပြန်သည်။ “မိုက်လိုက်တာသမီးရယ်ဇော်မဲလုံး” ပင်ဖြစ်တော့သည်။
“ မင့်ကိုလည်း အဘက ခေါ်ထားသေးတာလား ”
အဂိန်းဇော်မဲလုံးကပင် ဦးစွာစကားဆို မေးမြန်းသည်။ သူ၏ အမေးစကားအား မိုက်လိုက်တာသမီးရယ်ဇော်မဲလုံးက ခေါင်းသာ ညိတ်ပြလိုက်သည်။ ထို့နောက် အာ့ကျကျဇော်မဲလုံးနည်းတူ အခန်းတွင်းသို့ လှည့်ပတ်ရှာဖွေနေတော့သည်။
“ ရှာမနေနဲ့ မင့်အဘ၊ ငါ့အဘ၊ ဟိုကောင့်အဘက အနောက်က အခန်းထဲမှာတဲ့ ” ဟု အာ့ကျကျဇော်မဲလုံးက လှမ်းပြောသည်။ ထိုအခါ အာ့ကျကျနှင့် အဂိန်းတို့ရှိရာဆီလာပြီး လက်ကလေးနောက်ပစ်ကာ အနှီသူတို့အဘ ထွက်လာမည့် အခန်းတံခါးဆီကိုသာ သုံးဦးသား ငေးမျှော်စိုက်ကြည့်လျက် ရှိနေတော့သည်။
၎င်းတို့သုံးဦး စောင့်နေချိန်သုံးနာရီကျော်ကာ လေးနာရီနီးပါးအကြာတွင်တော့ “ကျွီ” ဆိုသော တံခါးဖွင့်သံနှင့်အတူ သူတို့မျှော်နေသည့် သတ်ချုပ်မအလတစ်ယောက် နောက်ခန်းထဲမှ ထွက်လာပါတော့သည်။ လူတစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေတော့သည်။
“ ရောက်နေကြတာ ကြာပြီလား ”
သတ်ချုပ်မအလ သူ၏မျက်နှာပေါ်က ချွေးများကို လက်ချောင်းများဖြင့် သုတ်ဖယ်လျက် မေးလိုက်သည်။
“ ဟုတ်ကဲ့…အဘ ”
အာ့ကျကျ၊ အဂိန်းနှင့် မိုက်လိုက်တာသမီးရယ်ဇော်မဲလုံးတို့ သုံးဦးသား သတ်ချုပ်မအလ၏ အမေးစကားအပေါ် သံပြိုင်ပင်ဖြေဆိုလိုက်ကြသည်။
“ အေးကွာ…ငါလည်း လုပ်စရာရှိတာတွေ အပြီးဖြတ်နေတာဆိုတော့ နည်းနည်းကြာသွားတယ်ဟေ့ ”
“ ဟုတ်ကဲ့ပါ အဘ။ လုပ်တာလည်း လုပ်ပေါ့။ စိတ်လိုက်မာန်ပါတွေလည်း သိပ်မလုပ်ပါနဲ့ အသက်အရွယ်ကလည်း ရပြီဆိုတော့ အဘကျန်းမာရေးကိုလည်း စိုးရိမ်လို့ပါ ”
“ အေးပါကွာ…ငါလည်း ငယ်စိတ်က မပျောက်ဘူးဖြစ်နေတယ်။ ထီဆိုတာနဲ့ စိတ်ကလည်း သိတဲ့အတိုင်း ဒက်ခနဲဆိုတော့ စိတ်နောက်ကိုယ်က လိုက်ရတော့တာပေါ့။ ဆင်ခြင်ပါ့မယ်ကွာ ”
အာ့ကျကျဇော်မဲလုံးသည် သူစိုးရိမ်ပြသော စကားများအပေါ် သူ၏အဘ သတ်ချုပ်မအလက အရေးတယူတုံ့ပြန်ပြောဆိုလာသဖြင့် နှလုံးပီတိ ဂွမ်းဆီထိ ဖြစ်နေလေတော့သည်။
“ ကဲ…ကဲ…ပြောနေကြာတယ်။ လာလာ မိုက်လိုက်တာသမီးရယ်ဇော်မဲလုံး။ မင့်ကို တာဝန်ပေးမယ်။ မင်းက နိုင်ငံတကာဆီ သတင်းစကားတွေ ဖြန့်ရမယ့်တာဝန်ယူ။ မင်းလုပ်ရမှာက ပြည်တွင်းက လက်နက်ကိုင် တော်လှန်သူတွေကို ငါက “အပြုတ်တိုက်” နေပြီဆိုတဲ့ သတင်းစကား နိုင်ငံတကားနားပေါက်အောင်လုပ်။ လိုအပ်ရင် အဲဒီနိုင်ငံတွေအထိ အရောက်သွားပြီး အင်တာဗျူးတွေလုပ်။ အခုနေခါက လေယာဉ်ဆီ ချွေတာနေရတာမို့လို့ လေယာဉ်တော့ မသုံးနဲ့။ အတတ်နိုင်ဆုံး လမ်းလျှောက်သွား။ ခြေကျင်သွား။ ပြီးတော့ ပေါက်ဖော်ဆီက ခါးပတ်နဲ့ လမ်းမကြီးကို ခဏအသုံး ပြုပါရစေဆိုပြီး ငှားသွားလိုက်။ အဲဒီ့လမ်းဆို မင်းအပေါက်အရောက်မြန်လိမ့်မယ်။ အဲ့ထက်မြန်ချင်ရင်တော့ ပြေးပေါ့။ ကြိုတင်လေ့ကျင့်ပြီးသားလည်း ဖြစ်တာပေါ့ကွာ။ ဟုတ်ပြီလား။ သွားသွား… အခု ပဲသွားတော့ ”
သတ်ချုပ်မအလ စကားဆုံးသည်နှင့် မိုက်လိုက်တာသမီးရယ်ဇော်မဲလုံးလည်း ကျင့်သားပြည့်စစ်သည်တစ်ဦး၏ အမူအကျင့်အတိုင်း ဝတ်လာသည့် ချိတ်ထဘီကို ခါးတောင်းကျိုက်ကာ သုတ်ခြေတင်လေတော့သည်။ ထို့နောက် သတ်ချုပ်မအလလည်း အာ့ကျကျဇော်မဲလုံးဘက် သို့လှည့်ကာ စကားဆိုပြန်သည်။
“ မင်းကတော့ အခုတိုက်ပွဲတွေ ဖြစ်နေတဲ့ ရှေ့တန်းစစ်မြေပြင်တွေဆီကိုသွား။ “ငါတို့အဘ အပြုတ်တိုက်ဖို့ပြင်နေပြီ တောင့်ခံထား” ဆိုပြီး မိုတီမျိုးစုံသွားပေး။ ဟုတ်တာ၊ မဟုတ်တာနောက်ထား။ အဲဒီမိုတီပေးတဲ့အခါမှာတော့ မင့်ရဲ့ လက်သုံးစကား “အာ့ကျကျ”၊ “အာ့ကျကျ” ဆိုတဲ့ “ကျ” ဆိုတာကြီးတောင် မပါစေနဲ့ပေါ့။ သွားတဲ့အခါ ငါ့ကျည်ကာ ဝတ်သွား။ ငါလက်တိုလက်တောင်း ခိုင်းကောင်းတာ မင့်ပဲရှိတာဆိုတော့ တိမ်းပါးသွားမှာ မလိုလားဘူးဟ။ အဲဒီ့ မသွားခင် ဒီမှာလည်း သတင်းစာရှင်းလင်းပွဲ တစ်ပွဲတော့ ရအောင်လုပ်သွားလိုက်ဦး။ အဲဒီ့ပွဲမှာလည်း အဲဒီ “အာ့ကျကျ”၊ “အာ့ကျကျ” ဆိုတာကြီး မပါစေနဲ့။ အဲ့ပွဲမှာလည်း မင်းပဲရှင်း၊ မင်းပဲပြော။ မင်းကောင်တွေ ဝင်အကြံပြုတာ မခံနဲ့။ ဟုတ်ပြီလား။ ကဲ…သွားသွား။ မြန်မြန် ”
ထိုသို့ အာ့ကျကျဇော်မဲလုံးအား ပြောဆိုညွှန်ကြားပြီးနောက် သတ်ချုပ်မအလသည် အဂိန်းဇော်မဲလုံး၏ ပုခုံးကို ဖက်ကာ သူထွက်လာခဲ့သော အခန်းဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။
“ မင်းကတော့ ငါနဲ့ ဟိုနောက်ခန်းထဲလိုက်ခဲ့။ အဲဒီ့မှာ ငါစီမံထားတာတွေ ရှိတယ်။ အဲဒါကို မင်းတာဝန်ယူ ဆောင်ရွက်ပေးရမယ်။ အဲဒီတာဝန်က သိပ်ကို အရေးကြီးတယ်။ တစ်ချက်ကလေးလွဲလို့မရဘူး။ ဒါကြောင့်လည်း မင်းကို တာဝန်ပေးရတာပဲ ”
အဂိန်းဇော်မဲလုံးလည်း ခေါင်းလေးအသာညိတ်ကာ ညိတ်ကာပြလျက် သတ်ချုပ်မအလခေါ်ရာ လိုက်ပါသွားတော့သည်။ သူ့စိတ်ထဲမှာတော့ သူ့ကိုပေးသည့် သီးခြားတာဝန်အတွက် ဂုဏ်ယူလျက်ရှိသလို ထိုတာဝန်သည် ဘာတာဝန် ဖြစ်မလဲဆိုသည်ကိုလည်း သိချင်စိတ်တို့ တဖွားဖွားဖြစ်လျက်ရှိသည်။
“ကျွီ” ဆိုသော မြည်သံနှင့်အတူ တံခါးပွင့်သွားပြီးနောက် အဂိန်းဇော်မဲလုံး၏ မျက်စိရှေ့တွင် ဦးစွာတွေ့လိုက်ရသည်က မိမိတို့ကျင်းပနေကျ အစည်းဝေးခန်းမထဲက စားပွဲထက်ပင် ရှည်လျားသော စားပွဲကြီးကိုဖြစ်သည်။ ထိုစားပွဲခုံပေါ်တွင်တော့ ပါဆယ်သေချာထုပ်ပိုးထားသည့် အထုပ်ငယ်များ အစီအရီခင်းကျင်းထားသည်ကို တွေ့ရသည်။
ထိုစားပွဲနားသို့ ရောက်သည်ဆိုလျှင်ဖြင့် သတ်ချုပ်မအလက အဂိန်းဇော်မဲလုံး၏ ပုခုံးအားပုတ်ကာ ဂုဏ်ယူစွာဖြင့် စကားဆိုသည်။
“ ဟော့သမှာ တွေ့မဟုတ်လားကွ။ ဒါတွေကို အသေအချာ၊ အကျအနထုပ်ပိုးပြီး အမြန်ဆုံးအရောက် ပို့ပေးရမယ့် တာဝန်က မင့်တာဝန်ပဲ တပည့်ကြီးငမဲလုံးရ ”
သတ်ချုပ်မအလသည် ပြောလည်းပြော၊ အဂိန်းဇော်မဲလုံး၏ ပုခုံးကိုလည်းပုတ်၊ စားပွဲပေါ်တွင် အစီအရီရှိနေသည့် ပါဆယ်ထုပ်များကိုလည်း လက်ညှိုးတထိုးထိုးဖြင့် အတော်လေးကို ပီတိဖြစ်နေပုံရသည်။
“ ဒါ…ဒါတွေက ဘာတွေလဲ အဘ။ ဗုံးတွေလား၊ မိုင်းတွေလား၊ ဒါမှမဟုတ် ပါ…ပါဆယ်ဗုံးတွေလား ”
အဂိန်းဇော်မဲလုံး စိတ်လှုပ်ရှားလွန်ပြီး စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေလေသည်။
အဂိန်းဇော်မဲလုံး၏ စကားကြားပြီးနောက် သတ်ချုပ်မအလသည် စားပွဲပေါ်မှ ပါဆယ်ထုပ်တစ်ခုအား လှမ်းယူကာ အသာဖြည်လျက် လက်ကိုနှိုက်ကာ အတွင်းမှပစ္စည်းအား ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။ သတ်ချုပ်မအလ၏ လက်ထဲတွင်ပါလာသည်က ကြွေပန်းကန်လုံးတစ်ခုသာ ဖြစ်သည်။ အပေါ်တွင်လည်း သေသပ်လှပသည့် ကြွေအဖုံးလေး ဖုံးထားသေးသည်။
“ ဒီမှာလေကွာ။ ဘာဗုံး၊ ဘာမိုင်းမှ မဟုတ်ပါဘူးကွ။ ငါကိုယ်တိုင်တစ်ချိန်တုန်းက “ဝ” ခေါင်းဆောင်ကို တိုက်ခဲ့ဖူးတဲ့ ကြက်ပေါင်းရည်ပါကွ။ ဒါတွေကို လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဆီ မနှေးအမြန်ပို့။ ပို့တဲ့အခါ ပူပူလေး၊ အားရှိတယ်ဆိုတဲ့ စကားလည်း ထည့်ပြောပေးဖို့ မမေ့နဲ့။ သူတို့လည်း သူတို့ကျွမ်းကျင်တဲ့နည်းနဲ့ ငါ့ကို တိုက်ကြသလို ငါလည်း ငါကျွမ်းကျင်တဲ့နည်းနဲ့ ပြန်တိုက်ရတာပဲ ”
အဂိန်းဇော်မဲလုံးလည်း သတ်ချုပ်မအလ၏ စကားများကြားပြီးနောက် အနီးကပ်လူယုံ၊ လက်ရင်းတပည့်ပီပီ အလွန်တရာပါးနပ်စွာဖြင့် စကားတစ်ခွန်းကို အချိန်မီဆိုလိုက်သည်။
“ ဒါဟာ အလွန်ကောင်းမွန်၊ သေသပ်၊ လှပတဲ့ တကယ့် အပြုတ်တိုက်ပွဲပါပဲ အဘရယ် ”
ကိုရင်နွေဦး