နိုဝင်ဘာ၊ ၁
ပြည်တွင်းရွှေစျေးကွက်မှာ အကယ်ဒမီ မီးလင်းရွှေတကျပ်သားကို ၃၄ ကျပ်သိန်းဝန်းကျင်နဲ့ တည်ငြိမ်နေတာ တလကျော်ကြာရှိလာတဲ့အကြောင်း ရန်ကုန်မြို့၊ ရွှေကုန်သည်နဲ့ ရွှေဆိုင်သိုင်းအဝိုင်းက သုံးသပ်ပြောကြား ပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်မှာ နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေဖို့ထုတ်ပြန်တာရယ်၊ စင်ကာပူဘဏ်က မြန်မာနိုင်ငံအကောင့်နာမည်နဲ့ ငွေလွှဲခွင့်ပိတ်မယ်စတဲ့သတင်းတွေကြောင့် ရွှေနဲ့ နိုင်ငံခြားငွေစျေးအဆမတန်မြင့်တက်ခဲ့တာပါ။
ရွှေတကျပ်သားကို ကျပ်သိန်းလေးဆယ်နဲ့ အမေရိကန်တဒေါ်လာကို လေးထောင်ကျပ်အထိမြင့်တက်ခဲ့ပြီး ရန်ကုန်၊မန္တလေးနဲ့နေပြည်တော်အပါအဝင် နိုင်ငံအဝှမ်းက ရွှေဆိုင်တွေ အရောင်းပိတ်ခဲ့သလို ဒေါ်လာအပါအဝင် နိုင်ငံခြားငွေအရောင်းလည်း ရပ်ဆိုင်းခဲ့ပါတယ်။
စစ်ကောင်စီကလည်း ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့ကြီးတချို့မှာပါ ရွှေကုန်သည်တချို့နဲ့ နိုင်ငံခြားငွေရောင်းဝယ်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့ပါတယ်။
ဒါကြောင့် ပြည်တွင်းရွှေဈေးနှုန်းဟာနှစ်လအကြာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်ကစပြီး အကယ်ဒမီ မီးလင်းရွှေတကျပ်သားကို ၃၄ သိန်းကျော်အထိကျဆင်းခဲ့သလို ဒီနေ့ထိလည်း ရွှေဈေးနှုန်းဟာ တည်ငြိမ်နေတဲ့ အနေထားမှာ ရှိနေတာပါ။
ဒီလို ရွှေဈေးနှုန်း တည်ငြိမ်နေတာဟာ အမေရိကန်ဒေါ်လာဈေးနှုန်းနဲ့ ကမ္ဘာ့ရွှေဈေး တည်ငြိမ်နေတာကြောင့် လို့ ရန်ကုန်မြို့က ရွှေကုန်သည် အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုနေကြပါတယ်။
“ ရွှေက တည်ငြိမ်နေတယ်ပြောရမှာပေါ့။တက်လည်း တသောင်း၊နှစ်သောင်း ကျလည်း တသောင်း၊ နှစ်သောင်းပဲ ။ ကမ္ဘာ့ရွှေဈေးကလည်း ဒီအတိုင်းပဲလေ။(ဒေါ်လာ) နှစ်ဆယ်တက်လိုက်၊ကျလိုက် နဲ့ အဲလိုပဲ ဖြစ်နေတာ ။အဓိက, ကတော့ ရွှေကတော့ ကမ္ဘာ့ရွှေနဲ့ဒေါ်လာနဲ့တိုက်ရိုက် သက်ဆိုင်နေတာကို “ လို့ ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမှာရှိတဲ့ ရွှေကုန်သည် တဦးကပြောပါတယ်။
ပြည်တွင်းအကယ်ဒမီ မီးလင်းရွှေတကျပ်သားကိုအောက်တိုဘာလ ၃၁ ရက်က ၃,၄၆၅,၀၀၀ ကျပ်ပေါက်ဈေးရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ၃,၄၈၅,၀၀၀ ကျပ်ထိ ရှိနေပြီး မနေ့က ထက် ကျပ်နှစ်သောင်းဈေးမြင့်တက်ခဲ့ပါတယ်။
‘’လတ်တလောတော့ ဒီ(၃၄ သိန်း)ဝန်းကျင်ပဲရှိဦးမယ်ထင်တယ်’’ လို့ နေပြည်တော်ကရွှေကုန်သည်တဦးက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ အောက်တိုဘာလ ၃၁ ရက် မနေ့က တအောင်စကို ၁,၉၉၇ ဒေါ်လာထိ ရှိပြီး ဒီနေ့မှာတော့ ၁,၉၈၁ ဒေါ်လာထိ ကျဆင်းခဲ့တာ ပါ။
အဲဒီလို ပြည်တွင်းနဲ့ ကမ႓ာ့ရွှေစျေးကျဆင်းနေပေမဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အခေါက်ရွှေတကျပ်သားကို ၂၁ သိန်းခွဲဝန်းကျင်သာသတ်မှတ်ခဲ့ရာက အောက်တိုဘာလ ၂၇ ရက်မှာ ၃၁ သိန်းကျော်အထိတိုးမြှင့်ခဲ့ပါတယ်။
အခေါက်ရွှေစျေးကို YGEA ဟာ အောက်တိုုဘာလ ၇ ရက်က ၂၈ သိန်းခွဲဝန်းကျင်၊ ၁၇ ရက်မှာတော့ ကျပ်သိန်း သုံးဆယ်ကျော် သတ်မှတ်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက် ဒီကနေ့မှာတော့ ၃၁ သိန်းနီးပါးနဲ့စျေးပိတ်သွားတာကိုလည်း တွေ့ရပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ အောက်တိုဘာ ၃၁ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၂၄ဝကျပ်၊ တယူရို ၃,၄၈ဝကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၃၆ဝကျပ် ၊တရုတ်တယွမ် ၄၅ဝနဲ့ ထိုင်းတဘတ်ကို ၉၀ ဒဿမ ၅၀ ကျပ်ထိပေါက်ဈေးရှိခဲ့ပါတယ်။
ဒါပေမယ့် နိုဝင်ဘာ ၁ ရက်ဒီကနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၂၆ဝကျပ်၊တယူရို ၃,၄၆၁ကျပ်၊စင်္ကာပူ တဒေါ်လာ ၂,၃ရဝကျပ်၊တရုတ်တယွမ် ၄၅ဝကျပ်နဲ့ ထိုင်းတဘတ်ကို ၉ဝကျပ်ထိပေါက်ဈေးရှိနေပြီး နေရာနဲ့ အချိန်အလိုက်အပြောင်းအလဲ ရှိနိုင်ပါတယ်။