ဝေါ်လေဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စစ်သားနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိ

နိုဝင်ဘာ၊ ၁
 
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဝေါ်လေဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် နှစ်ဦးကို တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၁၆ ရက်မှာ ဖမ်းမိခဲ့တယ်လို့ Freedom Fighter ဌာနချုပ် စစ်ကြောင်းတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
“ တပ်တွင်းမှာ စစ်ကောင်စီတပ်သားအချင်းချင်း အနိုင်ကျင့်နှိပ်စက်မှုတွေကို မခံနိုင်လို့ဆိုပြီး သူတို့နှစ်ယောက်ထွက်ပြေးလာတာလို့ သူတို့က ပြောတာပေါ့နော် ” လို့ သူကပြောပါတယ်။
 
ဖမ်းမိခဲ့သူနှစ်ဦးဟာ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဗျူဟာကုန်း တပ်ရင်း (ခမရ-၅၉၉)က တပ်ကြပ် တင်ဦး၊ တပ်ရင်း (ခမရ-၅၈၅)က တပ်သားသန်းလွင်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
သူတို့နှစ်ဦးဟာ အောက်တိုဘာလ ၁၁ ရက်မှာ သူတို့ရဲ့ တပ်ရင်းတွေကနေ ထွက်ပြေးလာကြပြီး မြဝတီမြို့နယ်က ကျေးရွာတရွာမှာ ပုန်းခိုနေကြောင်း ရွာသားတွေက အသိပေးအကြောင်းကြားလို့ သွားရောက်ဖမ်းဆီးခဲ့တာလို့ Freedom Fighter ဌာနချုပ်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
 
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးလုံးမှာ လက်နက်ခဲယမ်းတော့ ယူဆောင်လာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
 
Freedom Fighter ဌာနချုပ်စစ်ကြောင်းမှ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီးနောက် မနေ့က ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက် အပ်နှံပေးလိုက်တယ်လို့ သိရပါတယ်။
 
ပြည်သူ့ပန်းတိုင်အဖွဲ့ဟာ စစ်ကောင်စီကို စွန့်ခွာလာတဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီပေးနေတဲ့ CDM စစ်သားတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
 
“ ခုတော့ သူတို့ လုံခြုံသွားပါပြီ ” လို့ Freedom Fighter စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ဝေါ်လေဗျူဟာကုန်းမှာ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိပြီး အဲဒီတပ်ဖွဲ့ဝင်တွေကို ဒုတပ်ရင်းမှူးနဲ့ ဗျူဟာမှူးတို့က ညွှန်ကြားနေကာ ဗျုဟာမှူးကိုတော့ နှစ်လတခါ အပြောင်းအရွေ့လုပ်လေ့ရှိကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထွက်ဆိုထားတယ်လို့ Freedom Fighter စစ်ကြောင်းက ပြောပါတယ်။
 
ဒါ့အပြင် ဗျူဟာကုန်းပေါ်မှာ လက်နက်ကြီး ဟောင်ဝစ်ဇာ တလက်၊ ၁၂၀ တလက်၊ ၈၁ တလက်၊ ၆၀ တလက်၊ စနိုက်ပါနှစ်လက် ကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်သူဘက်ကို ပူးပေါင်းလာတဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ရဲ ၁၄,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ဒုဗိုလ်မှူးကြီးအဆင့် အရာရှိတွေအပါအဝင် စစ်သား ၃၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၉,၃၅၆ ဦး ပါဝင်တယ်လို့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Freedom Fighter ဌာနချုပ်စစ်ကြောင်း