အောက်တိုဘာ၊ ၃၁
ပဲခူးတိုင်း၊သာယာဝတီခရိုင် ၊ကြို့ပင်ကောက်မြို့နယ်က ပျူစောထီးဆိုသူနှစ်ဦးကို ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်၊ ညနေ ၃ နာရီခန့်က သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
“ သူတို့က PDF (ပြည်သူ့ကာကွယ်ရေးတပ်) စခန်းတွေလိုက်ကြည့်တဲ့အချိန် ကျွန်တော်တို့က စောင့်ပြီး ရှင်းလင်းသတ်ဖြတ်ခဲ့တာပေါ့ “လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ ၆ Black Dragon (GBK-PDF) တာဝန်ရှိသူ ကဆိုပါတယ်။
သေဆုံးခဲ့သူ နှစ်ဦးဟာ ဥယာဉ်ကြီးကျေးရွာ အုပ်စု၊ အေးရွာလေးကျေးရွာက အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ကိုကျော်သူနဲ့ အသက် ၃၆ နှစ်အရွယ်ရှိတဲ့ ကိုအတူးတို့ဖြစ်ပြီး အေးရွာလေးကျေးရွာရဲ့ လေးမိုင်ခန့်အကွာ ဘောင်ဘင်ဆည်အနားမှာ သတ်ဖြတ်ခံခဲ့ရတာပါ။
ရွာနဲ့အလှမ်းဝေးတဲ့နေရာမှာ သေဖြတ်ခံခဲ့ရတာကြောင့် မိသားစုတွေက မသိရှိရသေးလို့ ဒီကနေ့အထိအလောင်းလာရောက် ကောက်ယူခြင်းမရှိသေးဘူးလို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ ၆ Black Dragon (GBK-PDF) တာဝန်ရှိသူကပြောပါတယ်။
သေဆုံးခဲ့သူနှစ်ဦးဟာ တော်လှန်ရေး ရဲဘော်တွေရဲ့တည် နေရာနဲ့ အသွားအလာကို စောင့်ကြည့်ပြီး ဘော်ဘင် ရွာက ပျူစောထီးတွေနဲ့စစ်ကောင်စီတွေထံ လိုက်လံပြသိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စခန်းနေရာတွေမကြာခဏဆိုသလို ပြောင်းရွှေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဒေသခံအရပ်သားတွေကို လည်းဖမ်းဆီးငွေညှစ်ပြီး စစ်ကောင်စီထံ သတင်းပို့တိုင်ကြားတာတွေ ပြုလုပ်လေ့ရှိတာကြောင့် ခုလို သတ်ဖြတ်ခဲ့တာလို့ လည်း အဲဒီတာဝန်ရှိသူကဆက်လက်ပြောကြားပါတယ်။
အဲဒီသေဆုံးသူတွေပျူစောထီးအဖွဲ့ဝင်ဟုတ်၊ မဟုတ်နဲ့ အဲဒီလိုပြုလုပ်တယ်ဆိုတာ DNA က အတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီအခြေခံအုပ်ချုပ်ရေးဖြစ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေသာမက ရဲနဲ့ စစ်တပ် သတင်းပေးဆိုသူတွေကို ပစ်ခတ်သတ်ဖြတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်မှာ အုတ်ဖိုမြို့နယ်က စစ်ကောင်စီလက်အောက်ခံ သရက်နှစ်ဖျားလိန် ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ကို မြေအောက်ပျောက်ကြားအဖွဲ့ (အုတ်ဖို)က ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီကတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလက်ချက်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် လူပေါင်း ၆,၆၀၀ ကျော်သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။