စစ်တွေမြို့က DMG သတင်းဌာနရုံးကို စစ်ကောင်စီ စီးနင်းချိပ်ပိတ်၊ သတင်းထောက်တဦး အပါအဝင်နှစ်ဦး ဖမ်းဆီးခံရ

အောက်တိုဘာ၊ ၃၀

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group(DMG)သတင်းဌာနရုံးခန်းကို စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်မှာ ဝင်ရောက်စီးနင်းပြီး သတင်းထောက်တဦးနဲ့ ရုံးစောင့်ဝန်ထမ်းတဦးတို့ကို ဖမ်းဆီးကာ ရုံးပစ္စည်းတွေအားလုံးကိုလည်း သိမ်းယူသွားတယ်လို့ အဲ့ဒီသတင်းဌာနကထုတ်ပြန်အသိပေးထားပါတယ်။

မနေ့က သီတင်းကျွတ်လပြည့်နေ့ စစ်တွေမြို့တွင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ဓါတ်ပုံရိုက်၊ သတင်းယူနေတဲ့ DMG သတင်းထောက်ကို ကနဦးဖမ်းဆီးကာ ရုံးကိုလိုက်ပြခိုင်းပြီး ရုံးစောင့်ကိုပါ ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင်၊ SB တွေအပါအဝင် အင်အား နှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ စစ် ကောင်စီလက်အောက်ခံတွေဟာ ကားသုံးစီးနဲ့ ရောက်လာပြီး ကင်မရာ၊ ကွန်ပျူတာ စတဲ့ကျပ်သိန်းထောင်ဂဏန်းတန်ဖိုးရှိရုံးပစ္စည်းတွေကိုလည်း ယူသွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီသတင်းထောက်နဲ့ ရုံးစောင့်ဝန်ထမ်းတို့ကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ DMG က မနေ့ကထုတ်ပြန်ထားပါတယ်။

“တော်တော်ဘေးကျပ်နံကျပ်ပါပဲ၊ ဥပဒေရယ်လို့ သေချာမရှိတော့ဘူး၊သူတို့ဖမ်းချင်ရင် ဖမ်းတဲ့ပုံစံဖြစ်နေတယ်၊ အခု DMG ကိစ္စဆိုလည်း စကစက လူတွေကို ကြည့်ရတာ ပစ္စည်းလိုချင်တာလား မသိဘူး၊လပြည့်နေ့၊ လူမရှိတဲ့အချိန် ရောက်ချလာပြီး ပစ္စည်းအကုန်သိမ်းတယ်ဆိုတာ အဓမ္မလုတာနဲ့ အတူတူပဲလို့ မြင်တယ်”လို့ ရခိုင် သတင်းထောက်အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်ဖို့လပိုင်းအလို ၂၀၂၁ခုနှစ် ဇန်နဝါရီလအတွင်းကလည်း DMG သတင်းဌာနက သတင်းသမား နှစ်ဦးကို စစ်တပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့သလို ၂၀၁၉ခုနှစ်ကလည်း အဲ့ဒီသတင်းဌာနအယ်ဒီတာချုပ်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

မနေ့ကဖမ်းဆီးခံရတဲ့DMG သတင်းထောက်နဲ့ ရုံးစောင့်ဝန်ထမ်းတို့ဟာ အခုအချိန်အထိ ပြန်လွှတ်မလာသေးသလို သူတို့ကိုဘယ်လိုအရေးယူမယ်ဆိုတာလည်းမသိရသေးပါဘူး။ဒီအခြေအနေနဲ့ပတ်သက်လို့စစ်တွေအမှတ်(၁)ရဲစခန်းကို DNA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်သတင်းသမားတွေဟာအရင်ကတည်းက စောင့်ကြည့်ခံနေခဲ့ရပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အခြေအနေပိုဆိုးလာကာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း သတင်းမီဒီယာတွေ မရှိစေချင်တဲ့အတွက် အခုလိုဖမ်းဆီးမှုတွေ လုပ်နေတာလို့ ရခိုင်သတင်းထောက်ထောက်တဦးကဝေဖန်ပါတယ်။

“သူတို့က အကုန်လုံးကို ဖြုတ်ပစ်ချင်တာ၊ သတင်းမီဒီယာတွေ လုံး၀ရှင်သန်ခွင့်မရှိရဘူး၊အဲလိုသဘော၊ ဒါကြောင့် ဘယ်နားက အစတခုရမလဲဆိုပြီး လိုက်ရှာနေတာ”လို့ သူက ဆိုပါတယ်။

အခုလိုသတင်းဌာနရုံးခန်းကို ဝင်စီးပြီး သတင်းထောက်နဲ့ ဝန်ထမ်းတို့ကိုဖမ်းဆီးတဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ DMGသတင်းဌာန က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရခိုင်အခြေစိုက်သတင်းဌာနတွေဖြစ်ကြတဲ့ Western News ၊ Narinjara သတင်းဌာနတာဝန်ရှိသူတွေကိုလည်း စစ်ကောင်စီက အမှုဖွင့်၊ ဖမ်း၀ရမ်းတွေ ထုတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုတွေ ဆက်တိုက်လုပ်လာခဲ့ပြီး စုစုပေါင်း သတင်းသမား ၄၂ ဦးကို ဖမ်းဆီးထားကာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ နိုင်ငံတကာသတင်းသမားများကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ CPJ က အခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် တလကျော်အကြာမှာ ပြည်တွင်းအခြေစိုက် သတင်းဌာန ငါးခုကို ထုတ်ဝေခွင့်ပိတ်ခဲ့သလို လက်ရှိအချိန်အထိ သတင်းဌာန ၁၄ ခုထက်မနည်း ထုတ်ဝေခွင့်တွေ ပိတ်သိမ်းခံထားရပါတယ်။