အာဏာသိမ်းမှုနှစ်နှစ်ပြည့် အသံတိတ်လမ်းလျှောက်ဆန္ဒပြပွဲ အိန္ဒိယဗဟိုအစိုးရခွင့်မပြုလို့ပွဲပျက်

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းနှစ်နှစ်ပြည့် အသံတိတ်လမ်းလျောက် ချီတက်ပွဲကို အိန္ဒိယဗဟိုအစိုးရကပိတ်ပင်လိုက်တဲ့အတွက် ပွဲပျက်သွားတယ်လို့ ဒေသခံ မီဒီယာတွေရဲ့ဖော်ပြချက်ရသိရပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မီဇိုရမ်အစိုးရ၊ အဖွဲ့အစည်းအသီးသီးနဲ့ ပြည် သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေက ဖေဖော်ဝါရီ ၄ ရက် မနက် ပိုင်းမှာငြိမ်းချမ်းစွာ အသံတိတ်လမ်းလျှောက်ကြဖို့ စီစဥ်ခဲ့ကြတာပါ။
 
အိုက်ဇောလ်မြို့မှာလုပ်မယ့် အဲ့ဒီချီတက်ပွဲကို အိန္ဒိယဗဟိုအစိုးရက တားမြစ်ပိတ်ပင်လိုက်တာဖြစ်ပြီး ဘာကြောင့် တားမြစ်ပိတ်ပင်တယ်ဆိုတာတော့မသိရသေးပါဘူး။
 
“စစ်ကောင်စီနဲ့သူတို့ဆွေးနွေးတယ်လေ၊ဘာတွေဆွေးနွေးလဲမသိရပေမယ့် ခုလိုပိတ်ပင်တာနဲ့ ဆက်စပ်ကောင်း ဆက်စပ်မယ်” လို့ အိန္ဒိယဘက်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။
 
နမခတိုင်းမှူးးဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို သွားခဲ့ကြပါသေးတယ်။
 
အဲ့ဒီခရီးစဉ်အတွင်း စစ်တပ်ကိုယ်စားလှယ်တွေနဲ့အိန္ဒိယအစိုးရတာဝန်ရှိသူတွေဟာ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ မြန်မာစစ်ရှောင်တွေအရေး၊ မူးယစ်ဆေးဝါးရောင်းရောင်းဝယ်မှုနှိမ်နင်းရေး၊ နယ်စပ်ကုန် သွယ်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ ဒေသခံမီဒီယာတွေကဆိုပါတယ်။
 
အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက မြန်မာစစ်ဘေးရှောင်တွေကို ဇန်နဝါရီ ၂၇ ရက်နေ့ကစ စတင်ဖမ်းဆီးခဲ့တာကြောင့် စစ်ဘေးရှောင်ရှစ်ဆယ်ကျော်ဖမ်းဆီးခံထားရပြီး မဏီပူထဲက ကျန်စစ်ဘေးရှောင် တွေ ဟာ ဘေးလွတ်ရာကိုရှောင်နေကြရဆဲဖြစ်တယ်လို့ စစ်ရှောင်တွေဆီကသိရပါတယ်။
 
အိန္ဒိယဗဟိုအစိုးရဟာ နယူးဒေလီမြို့မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အာဏာသိမ်းမှု နှစ်နှစ်ပြည့်ဆန္ဒပြပွဲကိုလည်း ခွင့်မ ပြုခဲ့ဘူးလို့ Mizzima သတင်းဌာနရဲ့သတင်းတရပ်မှာဖော်ပြထားပါတယ်။