ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ၅၀၅(က)နဲ့ဖမ်းဆီး

အောက်တိုဘာ ၊ ၂၉

သမ္မတဦးသိန်းစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးဟောင်းဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ ရက်၊ မနေ့က ည ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလုံခြုံရေးတွေက နီးစပ်သူတွေထံက သိရပါတယ်။

‘’ဟုတ်တယ်။ အဖမ်းခံရတယ်ဆိုတာ။ (အဖမ်းခံရတာ)ဖေ့ဘုတ်ပေါ်ရေးတဲ့ကိစ္စလို့ ထင်တယ်’’ လို့ ပြန်ကြားရေးဝန်ကြီးဌာနက အရာထမ်းတဦးက ပြောပါတယ်။

ဒါဟာ သမ္မတဦးသိန်းစိန်လက်ထက်က ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူတဦး အာဏာသိမ်းအပြီး ပထမဦးဆုံးအဖမ်းခံရတာပါ။

အလုံမြို့နယ်၊ ၁၀ ရပ်ကွက်မှာနေထိုင်တဲ့အသက် ၆၄ နှစ်အရွယ်  ဦးရဲထွဋ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတာပြုလုပ်ခဲ့ကြောင်း စစ်ဆေးသိရှိရတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဟာ ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

တပ်မတော်သားတွေနဲ့ နိုင်ငံဝန်ထမ်းတွေကို တာဝန်ဝတ္တရားပျက်ကွက်အောင် လှုံ့ဆော်ရင် အရေးယူဖို့ အာဏာသိမ်းအပြီးမှာဖြည့်စွက်ထားတဲ့ ပုဒ်မလည်းဖြစ်သလို တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေ အများဆုံးစွဲဆိုခံရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

မကြာသေးခင်က  စစ်တပ်အငြိမ်းစားအရာရှိတဦးက ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက်ဖေ့ဘုတ်မှာ မှတ်ချက်ရေးတာကို အဲဒီအရာရှိရဲ့ နေရပ်၊ ဖုန်းနံပတ်နဲ့ရာထူးတွေကို တုံ့ပြန်ရေးသားခဲ့လို့ စစ်တပ်အသိုင်းအဝိုင်းမှာမကျေနပ်မှုတွေရှိခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်ထောက်ခံတယ်လီဂရမ်တွေမှာလည်း ဦးရဲထွဋ်ကို အရေးယူဖို့ လှုံ့ဆော်မှုတွေရှိခဲ့ပါတယ်။

လက်ရှိမှာ ဦးရဲထွဋ်ကို အလုံမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ချုပ်ရက်ရီမန်ယူကာ အင်းစိန်ထောင်ကို ပို့တယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် DNA သတင်းဌာနက သီးခြားအတည်ပြုချက်မရယူနိုင်သေးပါဘူး။

ဦးရဲထွဋ်ဟာ လူမှုကွန်ရက်မှာ ခရီးသွားဆောင်းပါး၊ အတွေးအမြင်ဆောင်းပါးတွေရေးသားပြီး နိုင်ငံတကာရေးရာဆောင်းပါးတွေစာအုပ်ထုတ်ဝေထားသလို ‘မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှှင့် လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများ(၂၀၁၀-၂၀၁၆) စာအုပ်ဟာ ထင်ရှားပါတယ်။

အဲဒီလို လူမှုကွန်ရက်မှာ ရေးသားတဲ့ဆောင်းပါးတချို့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို သရော်တယ် ဆိုပြီး ပြောဆိုကြတာလည်းရှိပါတယ်။

ဦးရဲထွဋ်ဟာ အောက်တိုဘာလ ဒီလအတွင်းကလည်း သူ့ရဲ့ အင်းလေးကန်ခရီးစဉ်အတွင်း စားကျက်နေရာမြှပ်နေလို့ ကုန်းမြင့်ပေါ်ရွှေ့ထားတဲ့ ကျွဲအုပ်ကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ စာရေးသားခဲ့တာလည်း ရှိပါတယ်။

 “ကျွဲတစ်ကောင် က မြေဆွေးပုံလို့ ထင်ရတဲ့ မြေစာပုံထိပ်မှာ ရပ်နေတာတွေ့တယ်။ နောက်ခံတောင်တန်းတွေနဲ့၊ သူ့အောက်မှာ တခြားကျွဲတွေ၊ ဗျိုင်းဖြူ တွေ နဲ့ ကျွဲဘုရင်လိုလို ဘာလိုလိုပေါ့။ အဲဒီရှုခင်းကို ဓာတ်ပုံလှမ်းရိုက်ရင်း ဒီကျွဲဟာ သူကိုယ်သူ တောင်ထိပ်ရောက်နေတယ်လို့ ထင်နေမလား၊ စားကျက်ပျောက်ပြီး ရေပတ်လည်ဝိုင်းနေတာကိုရော သိရဲ့လားလို့ တွေးမိတယ်” လို့ ရေးသားထားတာပါ။

စစ်တက္ကသိုလ်(DSA)အပတ်စဉ် ၂၂ တက်ရောက်ခဲ့တဲ့ ဦးရဲထွဋ်ဟာ လက်ရှိ အာဏာသိမ်းဒုတိယခေါင်းဆောင်နဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့နဲ့ အပတ်စဉ်အတူတက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူပြီး ပြန်ကြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကာ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ခဲ့တာပါ။

၂၀၁၉ ခုနှစ်က နိုင်ငံသားများနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြု့မှုဥပဒေပုဒ်မနဲ့ နေပြည်တော်ပတ္တာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ရဖူးတဲ့ ဦးရဲထွဋ်ဟာ အာဏာသိမ်းအပြီး အဖမ်းခံရတယ်လို့ သတင်းမကြာခဏထွက်ခဲ့ပါသေးတယ်။