ရှမ်းမြောက်တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို

အောက်တိုဘာ ၊ ၂၈

မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ရက်အတွင်းမှာ ရှမ်းပြည်နယ် မြောက် ပိုင်းက စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုး ကန့်တပ် MNDAAနဲ့ တအာင်းတပ် TNLA တို့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

နှစ်ရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ရာချီ သေဆုံးကာ သံချပ်ကာ နှစ်စီးကို ဖျက် ဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ပြီး ချင်းရွှေဟော်မှာစစ်ကောင်စီစစ်ကြောင်းကို ဖြတ်တိုက်တဲ့ တိုက်ပွဲတခုတည်းမှာပဲ ကားနဲ့ဆယ်ကြိမ်သယ်ပြီးတဲ့အထိ မကုန်နိုင်သေးတဲ့လက်နက်ခဲယမ်းတွေရခဲ့ တယ်လို့ MNDAA ကဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)နဲ့ ရခိုင့်တပ်တော်(AA)တို့ဟာ မနေ့က မနက်အစောပိုင်းကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အများစုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ စစ် ဆေးရေးဂိတ်တွေကို နေ့ရော၊ ညပါ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ကြတာပါ။

စစ်ဆင်ရေးစကြေညာတဲ့ မနေ့ကတရက်တည်းမှာပဲ MNDAA က စစ်ကောင်စီနဲ့ ကိုးကန်ပြည်သူ့စစ် တွေရဲ့ တပ် စခန်းပေါင်း ၃၀ ကျော်နဲ့ TNLA က တပ်စခန်း လေးခု တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အသီးသီးထုတ် ပြန် ကြပါ တယ်။

ဒါ့အပြင် စစ်ဆင်ရေး ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း MNDAA အနေနဲ့ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်တို့ အတွင်းက တပ်စခန်း ငါးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာနှစ်စီးကိုလည်း ဖျက်ဆီး ပစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့အထိုင်တပ်စခန်းတွေပါဝင်သလို လမ်းမကြီးတွေပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေလည်းတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတာပါ။

TNLA ကတော့ ဒီနေ့မှာလားရှိုး၊ နမ့်ခမ်း၊ နောင်ချိုမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို မန္တလေး ပြည်သူ့ကာကွယ်တပ်နဲ့ ပူးပေါင်းကာ ထိုးစစ်ဆင်ခဲ့ပေမယ့် စခန်းသိမ်းပိုက်ရရှိမှု ရှိ၊ မရှိကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ဆင်ရေးနှစ်ရက်တာကာလအတွင်း မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းတွေဟာ မုံးကိုး၊ ချင်းရွှေဟော်၊ လားရှိုးမြို့နယ်တို့ကဖြစ်ပြီး ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်စခန်းလုံး၀မကျန်တော့ဘဲ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

အဲဒီလို ထိုးဆင်စစ်တိုက်ခိုက်ခံရပြီး အချိန်တိုအတွင်း တပ်စခန်းအမြာက်အမြားသိမ်းဆည်းခံနေရတဲ့ စစ်ကောင်စီ ဟာ ဂျက်ဖိုက်တာ၊ Mi-35 တိုက်ခိုက်ရေးရဟက်ယဥ်၊ ဒရုန်းတွေသုံးကာ အရပ်သားကျေးရွာတွေနဲ့ အနီးတဝိုက်တွေ ဆီ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေပြီး အရပ်သားထိခိုက်၊ သေဆုံးရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိတဲ့ နမ္မတူမြို့နယ် ရွာသစ် ပေါင်ဆာရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံး သုံးကြိမ် လာကြဲသွားလို့ အမျိုးသမီး တဦးအပါအဝင် အရပ်သားဒေသခံ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 ဒါ့အပြင် လားရှို့မြို့နယ်အတွင်းမှာလည်း ဒီနေ့မနက်အစောပိုင်းက လူနေရွာတွေထဲ လက်နက်ကြီးကျလို့ နေအိမ် တချို့ ပျက်စီးကာ ထိခိုက်သူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အခု သတင်းရေးသားနေတဲ့အချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတယ်လို့လည်း ပြောကြပါတယ်။

“မြို့ထဲမှာ အခြေအနေဆိုးဖို့ ရှိမယ်ထင်တယ်လောလောဆယ် ဗုံးခွဲလိုက်၊ လက်နက်ကြီးနဲ့ချလိုက် တအားလုပ် နေတော့လေ”လို့ လားရှိုးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှာ အဓိကျတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ချင်းရွှေဟော်၊ မူ ဆယ်စတဲ့မြို့နယ်တွေမှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလုပ်နေတာပါ။

ဒီလို ထိုးစစ်ဆင်တာဟာ ပြည်သူတွေကိုကာကွယ်ဖို့၊ဒေသတွင်းပိုမိုထိန်းချုပ်နိုင်ဖို့ ၊စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ၊အွန်လိုင်းလောင်းကစားနဲ့လိမ်လည်မှုလုပ်ငန်းတွေပပျောက်အောင်အရေးယူဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ MNDAA ကဆိုထားပါတယ်။