ကိုးကန့်ဒေသမှာ စစ်တပ်က လက်နက်ကြီးပစ်လို့ အမျိုးသမီးတဦးသေ၊ နှစ်ဦးဒဏ်ရာရ

အောက်တိုဘာ၊ ၂၆
 
အာဏာသိမ်းစစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသက လူနေရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီးတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)က ထုတ်ပြန်ထားပါတယ်။
 
ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ တိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂၅ ရက်၊ ည ၁၁ နာရီကျော်အချိန်မှာ ရှမ်းပြည်နယ်အထူးဒေသခ (၁) မူပန်ခရိုင် မူပန်ဒေသမှာရှိတဲ့ ဟောနမ်ရွာထဲကို လက်နက်ကြီးကျည် သုံးလုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီလက်နက်ကြီးကြောင့် အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးကာ အသက် ရှစ်ဆယ်အရွယ်နဲ့ ၄၈ နှစ်အရွယ် အမျိုးသမီးတို့ ဒဏ်ရာရခဲ့ပြီး MNDAA ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကုသပေးခဲ့တယ်လို့ MNDAA ရဲ့ သတင်းတွေကို ထုတ်ပြန်နေတဲ့ The Kokang မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ ချင်းရွှေဟော်ဒေသ၊ တာကြာမိန်နေရာ အနီးတဝိုက်ကိုလည်း အဲဒီနေ့ (အောက်တိုဘာ ၂၅)မှာပဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ချတာ၊ ကွမ်းလုံအထိုင်စခန်းမှ လက်နက်ကြီး လှမ်းပစ်တာတို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မန်တုံပနေရာမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကလည်း ကိုးကန့်ခရိုင် ရှင်ဝမ်ဒေသမှာ စစ်ကောင်စီတပ်တို့နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
 
ကိုးကန့်ဒေသမှာ အခုအောက်တိုဘာလ လလယ်လောက်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တပ်သားသေဆုံးမှုနဲ့ လက်နက်ဆုံးရှုံးမှုတွေ အမြောက်အများ ရှိနေတာ တွေ့ရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ကိုးကန့်ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
 
မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်ဖို့ထက် အရပ်သားတွေဆီ ဦးတည်ပစ်မှတ်ထားတာတွေ ပိုလုပ်လာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောဆိုထားကြပါတယ်။
 
ဓာတ်ပုံ – The Kokang