အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို ဖိလစ်ပိုင်မှာ တရားစွဲ

အောက်တိုဘာ ၊ ၂၅

အရပ်သားတွေကို သတ်ဖြတ်မှု၊ ဘုရားကျောင်းနဲ့ နေအိမ် ရာပေါင်းများစွာကို မီးရှို့ဖျက်ဆီးမှု စတဲ့စွဲချက်တွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို တရားစွဲဆိုဖို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေးဌာနမှာ ဒီကနေ့ တိုင်ကြားလိုက်တယ်လို့ Myanmar Accountability Project(MAP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မီးရှို့မှုတွေကို အဓိကထားပြီး ချင်းတိုင်းရင်းသားငါးဦးက အခုလို တရားစွဲဖို့ လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

သူတို့ငါးဦးဟာ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့မှာနေထိုင်ကြသူတွေဖြစ်ပြီး  လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေးဌာန(The Justice Department )မှာ ဒီကနေ့ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို ဖိလစ်ပိုင်နိုင်ငံဥပဒေအရ ‘နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တခြား လူသားမျိုးနွယ်အပေါ်ဆန့်ကျင့်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆွဲဖို့ လျှောက်ထားခဲ့တာလို့ သိရပါတယ်။

အမှုမှာ လိုက်ပါကူညီပေးမယ့် ဖိလစ်ပိုင်နိုင်ငံသား ရှေ့နေနှစ်ဦးကတော့ အဲဒီအက်ဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့ ကျူးလွန်ခံရသူတွေဟာ ဖိလစ်ပိုင်နိုင်ငံသား မဟုတ်သည်ဖြစ်စေ၊ ဖိလစ်ပိုင်နိုင်ငံထဲဖြစ်ပွားတဲ့ ကျူးလွန်မှုတွေမဟုတ်သည်ဖြစ်စေ တိုင်ကြားမှုရှိလာပါက ဖိလစ်ပိုင်အစိုးရက စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

‘’ဒီလိုအမှုမျိုးကို ဖိလစ်ပိုင်မှာတရားစွဲဖို့ ပထမဦးဆုံးဆိုတော့ တကယ့်ကို ထူးခြားတဲ့ ကိစ္စတရပ်ပါ”’ လို့ လိုက်ပါကူညီပေးမယ့်ရှေ့နေတဦးဖြစ်သူ Mr Romel Bagares က သတင်းထောက်တွေကို ပြောတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

တိုင်ကြားခံရသူတွေထဲ လက်ရှိ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်လည်း ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ စစ်တပ်အရာရှိကြီးတွေဖြစ်တယ်လို့ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။

တကယ်လို့ ဖိလစ်ပိုင်တရားရေးဌာနက တိုင်ကြားခံရသူ ဆယ်ဦးကို စွဲချက်တင်ဖို့ ဆုံးဖြတ်ပါက ဆင့်ခေါ်စာထုတ်တာ ဒါမှမဟုတ် သံတမန်လမ်းကြောင်းတွေကနေတဆင့် ဆင့်ခေါ်တာတွေ လုပ်နိုင်တယ်လို့လည်း ဖိလစ်ပိုင်ရှေ့နေ Andres က ပြောထားပါတယ်။

တရားစွဲဖို့ လျှောက်ထားတဲ့သူတွေထဲမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်က ထန်တလန်မြို့မှာ စစ်တပ်က ပစ်သတ်ခဲ့တဲ့ ချင်းလူမျိုး Pu Ral Tu ရဲ့ သမီးဖြစ်သူနဲ့ စက်တင်ဘာလ ၁၈ ရက်မှာ အသတ်ခံလိုက်ရတဲ့ သင်းအုပ်ဆရာ Cung Biak Hum တို့ရဲ့ တူဖြစ်သူတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး Myanmar Accountability Project ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်လက်ချက်နဲ့ လူ နှစ်ရာ့ငါးဆယ်ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် နှစ်ထောင်ကျော် မီးရှိူ့ဖျက်ဆီးခံခဲ့ရတဲ့အပြင် ဒေသခံ ခြောက်သောင်းကျော်လည်း အိန္ဒိယဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခုလို တရားစွဲဖို့ လျှောက်ထားသူ ငါးဦးထဲမှာ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ရဲ့ လက်ထောက် အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Salai Ling လည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဖိလစ်ပိုင်နဲ့ အာဆီယံဒေသတွင်းက ပြည်သူတွေရဲ့ စည်းလုံးနဲ့ ထောက်ခံမှုနဲ့အတူ ကျွန်တော်တို့ ပြည်သူတွေ ခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားမျှတမှု ရနိုင်မယ်လို့ ကျွန်တော်တို့ တကယ်ပဲ မျှော်လင့်ပါတယ်” လို့လည်း Salai Ling က မနီလာမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့  နယ်သလန်နိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုရင်ဆိုင်နေရသလို အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာလည်း တရားစွဲဆိုခံထားရပါတယ်။

ပုံစာ-အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို တရားစွဲမယ့် ချင်းတိုင်းရင်းသားတွေ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အောက်တိုဘာလ ၂၅ ရက် ဒီကနေ့မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။