အောက်တိုဘာ၊ ၂၄
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်က ဝပါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
” PDF တွေကို လာရှာဖို့အတွက်ပဲနေမှာ၊ ဒါမှမဟုတ် သူတို့ကို ကြောက်အောင် ခြောက်နေတာပဲဖြစ်မယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒီပဲယင်းမြို့နယ်၊ ဝပါကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
ဝပါကျေးရွာအတွင်းကို ဒီလ ၂၁ ရက်ကစပြီး စစ်ကြောင်းထိုးဝင်လာတဲ့ အဲဒီစစ်ကြောင်းဟာ နေအိမ် ခုနှစ်လုံး၊ စပါးကျည် လေးခု၊ စပါးတင်းရှစ်ရာဝန်းကျင်နဲ့ မြေဆီ ၁၅ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အင်အားတရာဝန်းကျင်ပါတဲ့ အောင်လံအခြေစိုက် ခြေလျင်တပ်ရင်း (၇၁) ဟာ တိုက်ပွဲမဖြစ်ပွားဘဲ အောက်တိုဘာ ၂၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ အဲဒီကျေးရွာက လူနေအိမ်တွေကို မီးရှို့ကာ အဖိုးတန်ပစ္စည်းတွေနဲ့ ရွှေငွေတွေကို လုယူသွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
“ သူတို့လမ်းကြောင်းရှေ့မှာ စစ်ရှောင်ရင်း တွေ့တဲ့ပြည်သူတွေဆီကတော့ ရွှေ၊ ငွေတွေ ဓါးပြတိုက်၊ လုယူတယ်။ အိမ်တွေက တွေ့သမျှ ပစ္စည်းတွေလည်း ယူသွားပါတယ် ” လို့ Local Fighters တပ်ဖွဲ့က ဆရာလေးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျေးရွာထဲက အိမ်တခါးတချို့မှာ “ဘီလူးစစ်ကြောင်း” ဆိုတဲ့ စာလည်းရေးသွားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကလည်း ဝပါကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ဖူးပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီပဲယင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခြင်း မရှိဘဲ အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ မီးရှို့မှုတွေ မကြာခဏဆိုသလို ပြုလုပ်လျက်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်အနေနဲ့ စစ်ကြောင်း ထိုးမီးရှို့မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာတွေမှာ အခြေနေတည်ငြိမ်နေခြင်း မရှိတာကြောင့် စစ်ရှောင် တထောင်ဝန်းကျင်ခန့်မှာ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် ကျေးရွာအနီးအနားရှိ စစ်ရှောင်စခန်းတွေမှာ လာရောက်နေထိုင်နေကြပြီး အစာအသောက်၊ အမိုးအကာနဲ့ ဆေးဝါးပစ္စည်တွေ အကူအညီလိုအပ်နေပါတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းတဲ့အချိန်ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့မှာ အိမ်ခြေပေါင်း ခြောက်ထောင်ကျော် မီးရှို့ဖျက်စီးခဲ့ပြီး နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်အိမ်ထောင်စုပေါင်း ခြောက်ရာကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များ