စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ NUG နဲ့ CRPHတိုက်တွန်း

အောက်တိုဘာ၊ ၁၀

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထား တိုက်ခိုက် နေပြီး ဒီအခြေအနေကိုရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့လိုတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကထုတ်ပြန်ပါတယ်။

 “စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကို လူမဆန်တဲ့ အကြမ်းဖက်မှုဖြစ်တာ၊ ဒါက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားတိုက်ခိုက်တာ” လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် ကိုစည်သူမောင် က DNA ကို ပြောပါတယ်။

 KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို မနေ့ည ၁၁ နာရီခွဲလောက် မှာ စစ်ကောင်စီတပ်က တိုက်ခိုက်တာကြောင့် လက်ရှိအချိန်ထိ ကလေးငယ်တွေအပါအဝင် ၂၉ ဦးသေဆုံးပြီး ၅၀ ကျော်ဆေး ကုသမှုခံယူနေရတယ်လို့ KIOပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုထားပါတယ်။

 အစ္စရေး-ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံစိုက်နေတာကိုအခွင့်ကောင်းယူပြီး စစ်ကောင်စီက အခုလို လူသားမျိုးနွယ်အပေါ်ကျုးလွန်တဲ့ ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကို ထပ်ပြီးကျူးလွန်လိုက်တာဖြစ် တယ် လို့လည်း NUG ကဝေဖန်ထားပါတယ်။

 ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒီကနေ့ထုတ်ပြန် ရာမှာ အာဏာသိမ်းစစ်တပ်ဟာ နှစ်ပေါင်းများစွာကတည်းက အပြစ်ပေးအရေးယူမှုမခံရတာကြောင့် အခုလိုအရပ် သားတွေ အပေါ်အကြမ်းဖက်မှုတွေဆက်လုပ်နေတာလို့ ဆိုထားပါတယ်။

 စစ်ကောင်စီရဲ့ အခုလို ကျူးလွန်မှုတွေရပ်တန့်သွားစေဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချက်အမှတ် ၂၆၆၉ အရ အချိန်နဲ့တပြေးညီ ပြင်းထန်ထိရောက်တဲ့ ဟန့်တားအရေးယူမှုတွေလုပ်ဖို့လိုတယ်လို့ NUGကတိုက်တွန်း တောင်းဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်စဲဖို့ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။

 ဒါပေမယ့် အဲ့ဒီဆုံးဖြတ်ချက်ထဲက အချက်တွေကို စစ်ကောင်စီကလိုက်နာတာမရှိသလို လူအစုအပြုံလိုက်သေဆုံး စေတဲ့ တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ထားပါတယ်။

 ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာစစ်ကောင်စီအတွက် စစ်လက်နက် တင်ပို့ရောင်း ချတာတွေကို အမြန်ဆုံး ပိတ်ပင်တားဆီးနိုင်ရေး ထိထိရောက်ရောက်ဆောင်ရွက်ပေးကြဖို့ CRPH က တောင်းဆိုထား ပါတယ်။

“တချို့နိုင်ငံတွေကကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းရေး သက်သက်ဖြစ်တယ်ဆိုပြီး ညွှန်းကြတယ်၊ သူတို့ ရှုမြင် ချက်မှာ ပြည်တွင်းရေးသက်သက်ဖြစ်တယ်၊သို့ပေမယ့် ပြည်တွင်းရေးသက်သက်မှာ ဘယ်ဘက်ကိုမှ လက်နက် တပ်ဆင်ပေး တာမျိုးမဆို မျှတမှုမရှိဘူး” လို့ ကိုစည်သူမောင်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထိရောက်တဲ့ အရေးယူဆောင်ရွက်ခြင်းတွေကသာ သူတို့ကျူးလွန်နေတဲ့ အကြမ်းဖက်မှု တွေကို ရပ်တန့်စေနိုင်လိမ့်မယ်ဆိုတာကို နိုင်ငံတကာက နားလည်လိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်းလည်း CRPH ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီ မုန်လိုက်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှုကို သူတို့ စစ်ကောင်စီ တပ်က လုပ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)နဲ့ ကုလသမဂ္ဂ မြန်မာရုံးတို့ကတော့ မုန်လိုင် ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အဲဒီလုပ်ရပ်ဟာ လက်ခံနိုင်ဖွယ်ရာ အကြောင်း  ပြချက်မရှိဘူး လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့မုန်လိုင်ခက်ကစစ်ရှောင်တွေရဲ့ဈာပန။