တရုတ် ကာကွယ်ရေးဝန်ကြီး လူမြင်ကွင်းကနေ ရက်အတော်ကြာ ပဟေဠိဆန်ဆန် ပျောက်ဆုံးနေ

စက်တင်ဘာ၊ ၁၅

တရုတ် ကာကွယ်ရေး ဝန်ကြီးဟာ လူမြင်ကွင်းကနေ ရက်အတော်ကြာအောင် ပဟေဠိဆန်ဆန် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

တရုတ် အစိုးရကတော့ လီရှန်ဖူကို လူအများရှေ့မှာ မတွေ့မြင်ရတော့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ရေရေရာရာ မှတ်ချက် မပေးသေးပါဘူး။ အမေရိကန် အစိုးရက လီဟာ ပြဿနာ တခုခုတက်လို့ စုံစမ်းစစ်ဆေးမှု ခံနေရတာ ဖြစ်နိုင်တယ်လို့ သံသယ ရှိနေပါတယ်။

တရုတ်မှာ သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ သစ္စာတော်ခံတွေချည်းပဲ အများစုနဲ့ စုဖွဲ့ထားတဲ့ အစိုးရကို ဦးဆောင်ခဲ့တာ တနှစ်လောက် အကြာမှာပဲ အတွင်းပိုင်း လှုပ်ခတ်မှုတွေ ဖြစ်လာပါတယ်။ မကြာသေးခင်ကလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ လူမြင်ကွင်းကနေ သီတင်းပတ်တချို့ ပျောက်ကွယ်သွားခဲ့ပြီး နောက်ပိုင်းမှာတော့ ရာထူးက ဖယ်ရှား ခံခဲ့ရပါတယ်။

တရုတ် အစိုးရ ဖွဲ့စည်းပုံအရ သမ္မတ ရှီကျင့်ဖျင်ကနေ စတင်ရေတွက်ရင် နိုင်ငံစစ်တပ်ရဲ့ စတုတ္ထ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်နိုင်တဲ့ လီဟာ အခုဆိုရင် သတင်းအစအန ပျောက်ကွယ်နေတာ သီတင်း နှစ်ပတ်လောက် ကြာမြင့်လာခဲ့ပါပြီ။

မူလက လီဟာ ဗီယက်နမ် ကာကွယ်ရေး ခေါင်းဆောင်တွေနဲ့ နှစ်ပတ်လည် အစည်းအဝေးတခု တက်ရောက်ဖို့ ချိန်းဆိုထားပေမယ့် အချိန်ကပ်ပြီး ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်ဖက်က လီရဲ့ ကျန်းမာရေးကို အကြောင်းပြခဲ့တယ်လို့ ဗီယက်နမ် သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒါ့အပြင် လီဟာ စင်ကာပူ ရေတပ်အကြီးအကဲနဲ့ တွေ့ဆုံမယ့် အစည်းအဝေး တခုကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရမ်းဟ် အီမန်နျူရယ်လ်က လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ ရေးသားခဲ့ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးက ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပြီး ကာကွယ်ရေး ဝန်ကြီးကလည်း ထိုင်ခုံလှုပ်နေပြီလို့ ယုံကြည်ရတဲ့အပြင် တခြား အစိုးရ အရာရှိ တချို့ကိုလည်း သမ္မတရှီက ထုတ်ပယ်ခဲ့ပြီး ဖြစ်တာကြောင့် သူ့ရဲ့ မူဝါဒ အလှည့်အပြောင်းတွေနဲ့ ပတ်သက်လို့ မှန်းဆရ ပိုခက်တဲ့ အခြေအနေတွေ ဖြစ်လာကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ မကြာသေးခင်က တရုတ် နျူကလီးယား လက်နက် တပ်ဖွဲ့တွေရဲ့ ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးလည်း ရုတ်တရက် ရာထူးက ထုတ်ပယ် ခံခဲ့ရပါတယ်။

ရှီဟာ သမ္မတအဖြစ် စတင်တာဝန်ယူချိန် တလျှောက်လုံး ပထမဆုံး အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က G20 ညီလာခံ တက်ရောက်ဖို့ကို ငြင်းပယ်ပြီး ဝန်ကြီးချုပ် လီကျန်းကိုသာ သူ့ကိုယ်စား တက်ရောက်စေခဲ့ပါတယ်။

 

Ref: Reuter