လက်နက်နဲ့အတူ ခိုလှုံလာတဲ့ စစ်သားနှစ်ဦးကို သိန်းလေးဆယ်စီ KNU ချီးမြှင့်

စက်တင်ဘာ ၊ ၁၄

စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်တွေနဲ့အတူ ခိုလှုံလာတဲ့ စစ်သားနှစ်ဦးကို ငွေကျပ် သိန်းလေးဆယ်စီ ချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU) က စက်တင်ဘာလ ၁၄ ရက်၊ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ (၃)၊ ဆောထိမြို့နယ်(ရွှေကျင်မြို့နယ်)အတွင်းမှာရှိတဲ့ သံဆိပ်စခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ စက်တင်ဘာလ ၁၁ ရက်၊ မနက်ပိုင်းမှာ KNU ထံ ခိုလှုံလာခဲ့ကြတာလို့ သိရပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ) ၃၅၀ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အသက် နှစ်ဆယ်ကျော်အရွယ် တပ်သားအဆင့်ရှိ အဲဒီတပ်ဖွဲ့ဝင်နှစ်ဦးဟာ ချေမှုန်းရေး ရိုင်ဖယ်သေနတ် နှစ်လက်နဲ့ ကျည်ဆန် နှစ်ရာကျော် ယူဆောင်လာခဲ့တယ်လို့ KNU ဘက်က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူဘက် ပူးပေါင်းလာမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးကို လက်ခံသွားမှာဖြစ်ပြီး ခိုလှုံလာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့ဆက် ဘဝရပ်တည်နိုင်ရေးအတွက်လည်း ကူညီပေးသွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ကလည်း ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၃၂ ကနေ KNU တပ်မဟာ ၆ ထံ လက်နက်နဲ့အတူ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို KNU ဘက်က ငွေကျပ် သိန်းငါးဆယ် ချီးမြှင့်ခဲ့ပါသေးတယ်။

အလားတူပဲ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်က စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး KNU ထံ လက်နက်နဲ့အတူ လာရောက်ပူးပေါင်းခဲ့ပြီး အဲဒီတပ်ဖွဲ့ဝင်ကိုလည်း KNU ဘက်က ဘတ် ငါးသောင်း ချီးမြှင့်ခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အာဏာသိမ်းချိန်ကနေ  ပြည်သူဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲ ၁၄,၀၀၀ ကျော်ရှိပြီလို့ စက်တင်ဘာလ ၇ ရက်က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိတွေ အပါအဝင် စစ်ကောင်စီစစ်သား ၃,၂၃၅ ဦး ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦး ပါဝင်ပါတယ်။