မိုးထိအောင်လှေကားထောင် ကုန်းစျေးနှုန်းနဲ့ တန်းစီတိုးစားနေရတဲ့ ဘဝများ

 
စက်တင်ဘာ၊ ၁၃
 
မြန်မာနိုင်ငံမှာ အဓိက စားသုံးကုန်ဖြစ်တဲ့ ဆန်နဲ့ စားသုံးဆီကို တန်းစီတိုးဝှေ့ပြီး ဝယ်ယူနေရတဲ့ မြင်ကွင်းဟာ စီးပွားရေးမြို့တော် ရန်ကုန်မြို့အပါအဝင် မြို့နယ်တော်တော်များများမှာ ပုံမှန်မြင်နေကျ မြင်ကွင်းလို ဖြစ်လာလို့ နေပါပြီ။
 
ဆီနဲ့ဆန်ကို ဘယ်နေရာမှာ၊ ဘယ်အချိန်မှာ ဝေမယ်ဆိုတဲ့ သတင်းအချက်အလက်ကို တယောက်နဲ့တယောက် ဝေမျှရင်း ရေသန့်ဘူး အလွတ်လေးတွေ ကိုယ်စီနဲ့ တန်းစီရတာဟာလည်း ရန်ကုန်မြို့ပြက အခြေခံလူတန်းစားတွေရဲ့ ဘဝအစိတ်အပိုင်း ဖြစ်လာတာပါ။
 
ဆီငါးဆယ်သား လေးငါးနာရီတန်းစီရ
 
အဲဒီလို တန်းစီဝယ်ယူနေတဲ့ ရာနဲ့ချီတဲ့ အခြေခံလူတန်းစား လူတန်းရှည်ကြီးမှာ သာကေတမြို့နယ်က အိမ်ရှင်မတဦးဖြစ်တဲ့ အသက် ၃၈ အရွယ် မမျိုးမျိုးနိုင်လည်း ပါဝင်ပြီး သူမကတော့ စားသုံးဆီ တန်းစီဝယ်ယူနေတာလည်း ဖြစ်ပါတယ်။
 
” မနက် ၅ နာရီခွဲထဲက (တန်း)စီတာ။နေ့လယ် ၁၁ နာရီခွဲလောက်မှ ရတယ်။ ဘာမှမထူးဘူးလေ။ အလုပ်ပျက်တယ် ” လို့ မမျိုးမျိုးနိုင်က ပြောလာပါတယ်။
 
စစ်ကောင်စီက စားသုံးဆီ ဈေးနှုန်းကို ကိုင်တွယ်ကြပ်မတ်နေပြီး စားသုံးဆီ ရည်ညွှန်းဈေး တပိဿာကို ကျပ် ၄,၄၀၀ နဲ့‌ ဈေးသတ်မှတ်ကာ ရန်ကုန်မြို့မှာရှိတဲ့ ဆိုင်ပေါင်း နှစ်ရာကျော်မှာ လူတဦးကို ငါးဆယ်သားနှုန်း နေ့စဉ် ခွဲတမ်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
 
စစ်ကောင်စီက မြင့်တက်လာတဲ့ စားသုံးဆီဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ခွဲတမ်းနဲ့ ရောင်းချပေးနေပေမယ့် ဆီတန်းစီရာမှာ အချိန်ပေးနေရတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ပြဿနာရှိနေတယ်လို့ ရန်ကုန်မြို့ရှိ အိမ်ရှင်မတွေက ပြောပါတယ်။
 
” နေ့လယ်မှရောက်တော့ အဲ့ချိန်မှ စားဖို့ပြင်ရတယ်။ တန်းစီတော့လည်း နေပူကျဲတဲထဲ၊ ရေဆာလို့ ရေဝယ်သောက်ရတယ်။ နေပူထဲဆိုတော့ ဖရဲသီး ဝယ်စားတယ်။ ဘာမှမထူးဘူး ကုန်ကျစရိတ်က။ အခုက ဆီဝယ်ရမှာလား၊ အလုပ်လုပ်ရမှာလား၊ မပြောတတ်ဘူး ” လို့ ကလေးနှစ်ဦးမိခင်ဖြစ်သူ မမျိုးမျိုးနိုင်က ဆိုပါတယ်။
 
အဲဒီလို စစ်ကောင်စီက သတ်မှတ်တဲ့ လူတဦး စားသုံးဆီ ငါးဆယ်သားကို ၂,၂၀၀ ကျပ်နှုန်းနဲ့ ရရှိဖို့ လေးငါးနာရီမက တန်းစီနေရတဲ့အပြင် တချို့နေရာတွေမှာ ဆီအရည်အသွေး မပြည့်တာ၊ အချိန်မပြည့်တာလည်း ရှိတယ်လို့ ပြောကြပါတယ်။
 
စစ်တပ်အာဏာမသိမ်းခင်က စားသုံးဆီ တပိဿာကို နှစ်ထောင်ဝန်းကျင်သာ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အကြာမှာတော့ စားသုံးဆီ တပိဿာကို ၁၂,၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့သလို ဝယ်ချင်းတိုင်းလည်း ဝယ်မရတော့ပါဘူး။
 
” အရင်က အမေစုလက်ထက်က တပိဿာ နှစ်ထောင် ဘယ်အချိန် ထဝယ်ဝယ်ရတယ် ” လို့ သူက ဆိုပါတယ်။
 
▪နှစ်သောင်းတန်ဂယက်
 
ဒီချုပ်အစိုးရလက်ထက်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် တန့်နေတဲ့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းအပြီးမှာ ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့ပြီး ဒီနှစ်မှာတော့ သုံးရာခိုင်နှုန်း တက်လာမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုထားပါတယ်။
 
ဒါ့အပြင် ငွေကြေးဖောင်းပွမှုကလည်း ၂၀၂၂ ခုနှစ်မှာ ၁၈ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်းအထိ လျော့ကျပြီး ၂၀၂၄ ခုနှစ်မှာ ပိုပြီးကျဆင်းလာမယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လ ၂၇ ရက်က ထုတ်ပြန်တဲ့ နှစ်ဝက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်မှာ နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်နဲ့ ထုတ်ဝေမယ်လို့ ကြေညာပြီးနောက် ရွှေတကျပ်သား သိန်းလေးဆယ်နီးပါးအထိ မြင့်တက်ခဲ့သလို နိုင်ငံခြားငွေ၊ ဆန်နဲ့ စားသုံးဆီ စတဲ့ အခြေခံစားသောက်ကုန်အပါအဝင် စျေးနှုန်းတွေဟာ အဆမတန် မြင့်တက်လာနေတာပါ။
 
အဲဒီလိုအခြေအနေတွေ ဖြစ်နေပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ တိုင်းပြည်စီးပွားရေး တိုးတက်နေကြောင်းနဲ့ အရင် အစိုးရနှစ်ဆက်က စီမံကိန်းတချို့ကို ပြစ်တင်ဝေဖန်တာတွေ မကြာခဏ ပြောဆိုနေပါတယ်။
 
သူက အဲ့ဒီလိုပြောဆိုနေပေမယ့် နှစ်ပေါင်း နှစ်ဆယ့်နှစ်နှစ်ကြာ ဈေးနှုန်းမပြောင်းမလဲ ရပ်တည်ခဲ့တဲ့ ရှမ်းရွှေတောင်ရဲ့ ရှူးရှဲ အသင့်စား ကျပ်ငါးဆယ်တန် လက်ဖက်ထုပ်ဟာ အခုလအတွင်း ဈေးနှုန်းမြှင့်တင် လိုက်ရပါတယ်။
 
ဒါဟာ စစ်ကောင်စီလက်ထက် နိုင်ငံ့စီးပွားရေး အခြေအနေကို ထင်သာမြင်သာ ရှိစေတဲ့ ဖြစ်ရပ်တွေထဲက တခုလို့ လူပြောများပါတယ်။
 
▪ငရုတ်သီး တရာဖိုးမရောင်းပါ
 
လက်ရှိမှာ အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ နဲ့ ဆား အပါအဝင် ဈေးမြင့်တက်လာတဲ့ ဒဏ်ကို လူဦးရေ ရှစ်သန်းဝန်းကျင်ရှိတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာတော့ အခြေခံလူတန်းစားတွေ အများဆုံး ခံစားနေရတာလည်း ဖြစ်ပါတယ်။
 
အရင်က ဆန်ကြမ်းတပြည်ကို ကျပ် ၁,၅၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ တပြည်ကို ၃,၈၀၀ ကနေ ကျပ်လေးထောင်ကျော်အထိ မြင့်တက်လာပြီးကျပ် ၂,၄ဝဝ ကျပ်ဝန်းကျင်သာရှိတဲ့ ဆန်ချောကတော့ လက်ရှိချိန်မှာ တပြည်ကို ခုနှစ်ထောင်ကျပ်နီးပါး ဈေးမြင့်တက်နေတာပါ။
 
ဒါ့အပြင် လက်ရှိမှာ ငါးကြင်းက ၁၃,ဝဝဝ ကျပ်၊ ငါးမြစ်ချင်းက ၈,ဝဝဝ ကျပ်၊ ကြက်သားက ၁၃,၀၀၀၊ အမဲသား ၁၆,ဝဝဝ ကျပ်၊ ဆိတ်သား ၃,၂၀၀၀ ကြက်သွန်နီ တပိဿာ လေးထောင်ကျပ်၊ ကြက်သွန်ဖြူ တပိဿာ ၁၁,ဝဝဝ ကျပ်၊ အာလူး တပိဿာ ၃,၂ဝဝ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ သုံးထောင်အထိ ရှိလာတာပါ။
 
” အသီးအရွက်က နှစ်ရာဖိုး မရတော့ဘူး။ ငရုတ်သီးတောင် တရာဖိုး မရဘူး။ ခရမ်းသီးတလုံး လေးရာ။ ဟင်းသီးဟင်းရွက် ချက်ရင်တောင် ထောင်ဂဏန်း ကုန်နေတာ ” လို့ တာမွေမြို့နယ်က အိမ်ရှင်မတဦးက ပြောပါတယ်။
 
အဲဒီလို ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခါးစည်းခံရတဲ့ အခြေခံလူတန်းစားထဲမှာ ဒေါပုံမြို့နယ်က ကလေး လေးယောက်အမေ မသိန်းသိန်းဦးလည်း ပါဝင်ပါတယ်။
 
” ဆန်ရော ဆီရော အသားငါးရော အသီးအရွက်ရော အကုန်ဈေးတက်တယ်။ အခုက သမီးအကြီးလေးကရော ယောက်ျားကရော အလုပ်လုပ်တယ်။ လုပ်တာတောင် ထမင်းငတ်မတတ်ပဲ ” လို့ သူမကဆိုပါတယ်။
 
အစ္စလာမ်ဘာသာဝင်တဦးဖြစ်သူ မသိန်းသိန်းဦးဟာ စီးပွားရေး အဆင်မပြေလို့ ကလေးသုံးယောက်ကို ဘာသာရေးကျောင်းမှာ အခမဲ့ ကျောင်းအိပ်ကျောင်းစား ထားရတဲ့အပြင် သွားမကြည့်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောပါတယ်။
 
▪လျှော့စားရတဲ့ ထမင်းတနပ်
 
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)ဟာ ရန်ကုန်မြို့က အဆင်းရဲဆုံး မြို့နယ် ရှစ်မြို့နယ်က အခြေခံလူတန်းစား လူပေါင်း သုံးထောင်ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
 
အဲဒီစစ်တမ်းမှာ အိမ်ထောင်စုတွေဟာ ဝင်ငွေကျဆင်းလာလို့ လွန်ခဲ့တဲ့ ၁၂ လအတွင်း အဟာရ ပြည့်ဝလုံလောက်အောင် မစားသုံးနိုင်ဘူးလို့ ဖြေဆိုခဲ့တာတွေ ရှိသလို ဖြေဆိုသူတွေရဲ့ ၃၅ ဒဿမ ၇ ရာခိုင်နှုန်းကတော့ ဝင်ငွေမရှိလို့ အစားလျှော့စားခဲ့ရတယ်လို့ ဖြေဆိုထားကြပါတယ်။
 
ရန်ကုန်မြို့ခံ အခြေခံလူတန်းစားတချို့ကို DNA က မေးမြန်းမှုအရလည်း အဲဒီအစီရင်ခံစာ ဖော်ပြချက်ဟာ မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီလို့နေပါတယ်။
 
ဒဂုံဆိပ်ကမ်းမြို့နယ်က အထည်ချုပ်စက်ရုံ တရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၃၆ နှစ်အရွယ် မမြတ် (အမည်လွှဲ)က ကုန်စျေးနှုန်းတွေ တက်လာလို့ ဝင်ငွေနဲ့ ထွက်ငွေ မလောက်တဲ့အတွက် ထမင်းတနပ် လျှော့စားရတယ်လို့ ဆိုပါတယ်။
 
” စက်ရုံမသွားခင် မနက်စာတော့ အဝစားလိုက်တယ်။ ထမင်းဗူး ယူမသွားဘူး။ ညစာကို အိမ်ပြန်ရောက်မှ စားလိုက်တယ် ” လို့ ကလေးသုံးယောက် မိခင်လည်းဖြစ်တဲ့ မမြတ်က ပြောပါတယ်။
 
ခင်ပွန်းဖြစ်သူက ကျပမ်းအလုပ်လုပ်တဲ့ ဝင်ငွေ၊ သူမရဲ့ လစာပျှမ်းမျှ ၁၅၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ ကလေးနှစ်ယောက် ကျောင်းစရိတ် အသုံးစရိတ်တွေကြောင့် အသုံးစရိတ်ကျပ်တည်းလာတယ်လို့လည်း ဆိုပါတယ်။
 
” သားအကြီးက ၁၆ နှစ်။ ကျောင်းမထားတော့ဘူး။ သူ အလုပ်ဝင်ရင်တော့ ချောင်လည်လာမယ်မျှော်မှန်းတာပဲ ” လို့ ပြောပါတယ်။
 
▪တိုးစားရတဲ့ ဘဝတွေ
 
အဲဒီလို ကုန်စျေးနှုန်းတွေ မြင့်မားလာတာကြောင့် စစ်ကောင်စီက ခွဲတမ်းနဲ့ ရောင်းချတဲ့ စားသုံးဆီနဲ့ ဆန်ကို တိုးဝှေ့ဝယ်ယူပြီး ပြန်လည်ရောင်းချကာ တဖက်တလမ်းက ဝင်ငွေရအောင် ဆောင်ရွက်လာတဲ့ သူတွေလည်း ရှိလာပါတယ်။
 
” ဆိုက်ကား လူစောင့်ရင်း ဆီတန်းစီတယ်။ တဘူး ရရင် ပြန်ရောင်းတယ်။ တဘူးကို ၁,၅၀၀ လောက်မြတ်တယ် ” လို့ ဒေါပုံမှာ ဆိုက်ကားနင်းနေတဲ့ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ကိုမင်းမင်းဦးက ပြောပါတယ်။
 
ဒါ့အပြင် ဆန်ဈေး မြင့်တက်လာတာကြောင့် စစ်ကောင်စီက ဆန်ဈေးတည်ငြိမ်စေရန်နဲ့ ကျဆင်းစေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ် ၁၇ ရဲ့ ဆန်ဆိုင် ၄၂ ဆိုင်မှာ ဧည့်မထ တပြည်ကို ၂,၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာလည်း ရှိပါတယ်။
 
အဲ့ဒီလို ဆန်ကြမ်းတပြည်ကို ၂,၅၀၀ ကျပ်နဲ့ ရဖို့အတွက် ပြည်သူလူထုဟာ တနေ့ လေး၊ ငါးနာရီကြာအောင် နေ့စဉ်နဲ့အမျှ ဆန်ဆိုင်အရှေ့မှာ တိုးဝှေ့ ဝယ်ယူနေရပါတယ်။
 
” ဆန်တပြည်ကို အပြင်မှာ ၃,၈၀၀၊ လေးထောင်။ ဒီမှာက ၂,၅ဝဝ ဆိုတော့ တထောင်ကျော်သက်သာတာပေါ့။ အိမ်မှာ အလုပ်မရှိတဲ့ ကလေးတွေနဲ့ အမေ့ကို သွားတန်းစီခိုင်းထားလိုက်တယ်။ ဒါပေမယ့် အဆင်မပြေပါဘူး။ စီရင်း ရန်ဖြစ်တာ ဘာညာရှိတော့ ကိုယ့်မှာ ရင်တမမနဲ့ စောင့်နေရတာ ” လို့ ဒလမြို့မှာ နေထိုင်တဲ့ မလှလှ (အမည်လွှဲ)က ဆိုပါတယ်။
 
▪ဆန်တပြည် တရာတဲ့
 
ဒီလို ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အထွေထွေအကျပ်အတည်းတွေကြားမှာ အခြေခံ လူတန်းစားတွေအတွက် အခြေခံ စားကုန်ဖြစ်တဲ့ ဆန်နဲ့ကြက်ဥကို ငွေကျပ် တရာနဲ့ ရောင်းချပေးတဲ့ လှူဒါန်းမှု အစီအစဉ်တွေ ပြန်လုပ်လာကြပါတယ်။
 
ဆန်တပြည်ကို ငွေကျပ် ခုနှစ်ထောင်၊ ဆန်ကြမ်းတပြည် လေးထောင်ပတ်ချာလည် ရှိနေချိန်မှာ အခြေခံလူတန်းစားတွေကို ကူညီလိုသူတွေက အဲဒီလိုအစီအစဉ်နဲ့ ရောင်းချပေးတာကြောင့် လိုအပ်လိုသူတွေ များပြားပေမယ့် လှူဒါန်းပေးနိုင်သူတွေကလည်း အကန့်အသတ်တွေ ရှိနေပါတယ်။
 
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က အနှေးယာဉ်လုပ်သားတွေနဲ့ သင်္ကန်းကျွန်းထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဆန်တပြည်၊ ငါးပိတဘူးနဲ့ ကြက်ဥတကတ်ကို ငွေတထောင်ကျပ်နဲ့ အလှူရှင်တချို့က ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။
 
” စိတ်မကောင်းစရာက သက်ကြီးရွယ်အိုတွေပါ တန်းစီနေကြရတယ်။ ဆန်တပြည်ရလည်း မနည်းဘူးဆိုပြီး ” လို့ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း ၃ လမ်းက ဒေသခံတဦးက ပြောပါတယ်။
 
▪နောက်ပြန်လျှောက်နေတဲ့ နိုင်ငံ
 
ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရနှစ်ဆက် ဆယ်စုနှစ်တခုစာ စီးပွားရေးနဲ့လူမှုရေး ပြုပြင်ပြောင်းလဲမှုဟာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကာလအတွင်း အဟောသိကံ ဖြစ်သွားပြီလို့ လေ့လာသူတွေက ဆိုပါတယ်။
 
မြန်မာ့စီးပွားရေးဟာလည်း ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းအပြီး ကျင့်သုံးခဲ့တဲ့ အမိန့်ပေးစီးပွားရေးစနစ်ပုံစံနဲ့ နောက်ပြန်သွားနေတယ်လို့လည်း သုံးသပ်ကြပါတယ်။
 
နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားနေတဲ့ စစ်ကောင်စီဟာ ရွှေ၊ နိုင်ငံခြားငွေစျေးနှုန်း၊ ဆန်နဲ့ ဆီ စတဲ့ ကုန်ပစ္စည်းတချို့ကို အမိန့်ပေးစနစ်နဲ့ ကန့်သတ်ဖို့ ကြိုးစားပေမယ့် စစ်ကောင်စီ ရည်ညွှန်းစျေးနှုန်းနဲ့ ပြင်ပပေါက်စျေး ဆိုပြီး နှစ်မျိုးဖြစ်လာတာပဲ ရှိပြီး မှောင်ခိုစျေးကွက် ပေါ်လာတာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက နိုင်ငံခြားငွေ၊ ရွှေကုန်သည်တွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့သလို မကြာသေးခင်က ဆီလုပ်ငန်းရှင်ကြီး တချို့ကို ဖမ်းဆီးပြီး စားသုံးဆီစျေးနှုန်းနဲ့ ဆန်စျေးနှုန်းကို ကန့်သတ်ရောင်းချဖို့ ညွှန်ကြထားပါသေးတယ်။
 
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)နဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ် နှစ်ခေတ်စလုံးမှာ တန်းစီတိုးစားခဲ့ရတဲ့ အသက် ၅၄ နှစ်အရွယ် ဒေါပုံဒေသခံ ဒေါ်ခင်စန်းအေးကတော့ အဲဒီလိုခေတ် ပြန်ရောက်မယ်မထင်ခဲ့ဘူးလို့ မှတ်ချက်ပြုပါတယ်။
 
” ဒီလိုပဲ နေရာတိုင်းမှာ လူတန်းရှည်ကြီးတွေ ဆီတိုးနေတာနဲ့ ဆန်တိုးနေတာနဲ့ ဘဝတွေ ခက်ခဲခဲ့တာ။ အဲ့ဒီအခြေအနေ နောက်တခေါက်ပြန်ရောက်မယ်လို့ တကယ်ကို မထင်ခဲ့တာ ” လို့လည်း ဆိုပါတယ်။
 
” လူတွေကလေ အရမ်းဆင်းရဲတော့ ခက်ခဲတာ။ အခုအခြေအနေတိုင်း ဆက်သွားရင် ဘဝတွေက ဒီထက်ဆိုးမှာ ” လို့ ဒေါ်ခင်စန်းအေးက ဖြည့်စွက်ပြောပါတယ်။