ရုရှားဆီက စစ်တပ် မှာယူထားတဲ့ SU-30 တိုက်လေယာဉ်တွေ ပထမအသုတ် စတင်ရရှိထားပြီလို့ဆို

စက်တင်ဘာ၊ ၁၁

မနှစ်တုန်းက ရုရှားဆီက မှာယူထားတဲ့ SU-30 တိုက်လေယာဉ်တွေထဲက ပထမအသုတ်အဖြစ် ၂ စီးကို စတင် ရရှိထားပြီးဖြစ်ကြောင်း စစ်ကောင်စီခန့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ရုရှား သတင်းဌာန RIAကို အတည်ပြု ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်တုန်းက RIAရဲ့ သတင်းမှာတော့ ဝန်ကြီး ဦးချာလီသန်းက လေယာဉ် ၂ စီး လက်ခံရရှိထားပြီး ဖြစ်တယ်ဆိုတဲ့ မှတ်ချက်ကို ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ အရှေ့တိုင်း စီးပွားရေး ဖိုရမ်နဲ့ ဆက်စပ် အစည်းအဝေး တခုအပြီးမှာ ဦးချာလီသန်းက RIAကို အခုလို အတည်ပြု အသိပေးခဲ့တာ ဖြစ်ပါတယ်။

 ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပတဲ့ နှစ်ပတ်လည် ညီလာခံဟာ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ရည်ရွယ် အကောင်အထည် ဖော်တာလို့ ကြေညာထားပါတယ်။

Sukhoi ကုမ္ပဏီထုတ် SU-30SMEတွေဟာ စွမ်းရည်ထက်မြက်တဲ့ ဘက်စုံသုံး တိုက်လေယာဉ်တွေအဖြစ် လူသိများပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ အာဏာသိမ်း မြန်မာစစ်တပ်ဟာ စုစုပေါင်း တိုက်လေယာဉ် ၆ စီးထိ ရုရှားဆီက မှာယူထားကြောင်း သိရပါတယ်။

SU-30SMEတွေဟာ လေကြောင်း စီးချင်းထိုး တိုက်ပွဲတွေ၊ ထောက်လှမ်း ပျံသန်းမှုတွေ၊ လေ့ကျင့်ရေး ကဏ္ဍတွေနဲ့ တခြား စစ်ဆင်ရေးတွေကို တာဝန်ယူ ကိုင်တွယ်နိုင်တယ်လို့ ရုရှား အစိုးရပိုင် လက်နက် ပို့ကုန် လုပ်ငန်းစုကြီး Rosoboronexportက ထုတ်ပြန်ထားပါတယ်။

တိုက်လေယာဉ်တွေ စတင်လက်ခံ ရရှိနေပြီဆိုတဲ့ ဦးချာလီသန်းရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ လောလောဆယ် ဘာမှ တုံ့ပြန်မထားပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ကာကွယ်ရေး ဝန်ကြီးအပါအဝင် ရုရှား ထိပ်တန်း အစိုးရ အရာရှိတွေနဲ့ သံတမန် အရာရှိ တချို့ဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး မင်းအောင်လှိုင် အပါအဝင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် ရုရှားက အားပေးထောက်ခံပြီး လက်နက်တွေ တပ်ဆင်ပေးနေတာဟာ ပြည်တွင်းမှာ လက်ရှိ ဆိုးရွားနေတဲ့ ပဋိပက္ခတွေကို ပိုမို မြင့်တက်လာစေနိုင်ပြီး လက်ခံနိုင်စရာ အခြေအနေတခု မဟုတ်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

 

Ref: Reuters