စက်တင်ဘာ၊ ၈
ပြည်တွင်းရွှေစျေးဟာ အခုရပ်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းနေပြီး စက်တင်ဘာလ ၈ ရက် ဒီကနေ့မှာတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၃,၄၂၀,၀၀၀ ကျပ်အထိ ကျဆင်းလာတယ်လို့ ရန်ကုန်မြို့က ရွှေကုန်သည်အသိုင်းအဝိုင်းက ပြောကြားပါတယ်။
“ ဒီနေ့ သုံးဆယ့်လေးသိန်းနှစ်သောင်း ဖြစ်နေပြီ။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ ဈေးကွက်ထဲတော့ ” လို့ ရန်ကုန်၊ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ လှည်းတန်းလမ်းက ရွှေကုန်သည်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်မှာ အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၃,၆၃၀,ဝဝဝဝ ကျပ်၊ ၇ ရက်မနေ့က ၃,၅၃၀,ဝဝဝ ကျပ်နဲ့ ဒီနေ့မှာတော့ ၃,၄၂၀,ဝဝဝ ကျပ်နဲ့ သုံးရက်အတွင်း ပြည်တွင်းရွှေ တကျပ်သားကို နှစ်သိန်းတသောင်းကျပ် ကျဆင်းခဲ့တာပါ။
မြန်မာ့ရွှေစျေးဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက တကျပ်သားကို ၃,၉၇၀,ဝဝဝ ကျော်ထိ စံချိန်တင် မြင့်တက်ခဲ့ပေမယ့် စက်တင်ဘာ ၈ ရက်မှာတော့ ၃,၄၂၀,၀၀၀ ကျပ်ထိ ဈေးပြန်ကျလာတယ်လို့ ရွှေကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို စက်တင်ဘာလ ၇ ရက် မနေ့က ၁,၉၁၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ၁,၉၂၅ ဒေါ်လာ ဖြစ်ပြီး အနည်းငယ်ပြန်လည် မြင့်တက်လာပေမယ့် မြန်မာ့ရွှေစျေးကတော့ ကျဆင်းနေတာပါ။
အခုလို ရွှေဈေးနှုန်း ကျဆင်းလာတာဟာ စစ်ကောင်စီက ရွှေကုန်သည်တချို့ကို ဖမ်းဆီးတာတွေအပါအဝင် နည်းအမျိုးမျိုးနဲ့ ဒေါ်လာဈေး ကျဖို့ ထိန်းချုပ်လာတာကြောင့် ဖြစ်တယ်လို့ ရွှေကုန်သည်တွေက ပြောဆိုနေကျပါတယ်။
အဲဒီလို ပြည်တွင်းရွှေဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေပေမယ့် အရောင်းအဝယ်ဈေးကွက်မှာတော့ အေးနေပြီး စောင့်ကြည့်တဲ့ အနေအထားမှာ ရှိတယ်လို့လည်း ရွှေကုန်သည်တွေက ဆက်လက်ပြောကြားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ပိုင်းကစပြီး အမေရိကန် ဒေါ်လာဈေး ကျဆင်းလာတာကြောင့် မြန်မာငွေဈေး ပြန်တက်လာပြီး ပြည်တွင်းရွှေဈေးလည်း လိုက်ပါ ကျဆင်းလာတာလို့လည်း ရန်ကုန်က ရွှေကုန်သည်တွေက ပြောပါတယ်။
စက်တင်ဘာလ ၇ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၅၆၀ ကျပ်၊ တယူရို ၃,၈၄၆ ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၆၄ဝ ကျပ်နဲ့ ထိုင်းတဘတ် ၁၀၀ ကျပ်ပေါက်ဈေးရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၄၇ဝ ကျပ်၊ တယူရို ၃,၇၁၅ ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၅၅၀ ကျပ်နဲ့ ထိုင်းတဘတ်ကို ၉၆ ကျပ်ထိ ဈေးကျဆင်းခဲ့ပြီး အချိန်အလိုက်အပြောင်းအလဲ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – Reuters