စက်တင်ဘာ၊ ၈
စစ်ကောင်စီက ကန့်ကွက်ကြောင်း ကြေညာထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက် အကောင်ထည်ဖော်မှုအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်က ထုတ်ပြန်ပါတယ်။
အာဆီယံခေါင်းဆောင်တွေဘက်က မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက သူတို့ သဘောတူလက်ခံထားခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို သိသာထင်ရှားတဲ့ အကောင်ထည်ဖော်မှု မရှိတဲ့အပေါ် အထူးစိုးရိမ်ကြောင်း သုံးသပ်ချက်အပါအဝင် သုံးသပ်ချက် ရှစ်ချက်နဲ့ ဆုံးဖြတ်ချက်ဆယ်ချက်ကို ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့အပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ အဲဒီသုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ အဲဒီနေ့မှာပဲ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့တာပါ။
အင်္ဂလိပ်အက္ခရာစဉ်အလိုက် အလှည့်ကျ တာဝန်ယူရတဲ့ အာဆီယံဥက္ကဌ နေရာအတွက် မြန်မာနိုင်ငံက တာဝန်ယူရမယ့် ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံကို တာဝန်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
အလားတူပဲ ၄၀ ကြိမ်နဲ့ ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ဆုံးဖြတ်ခဲ့တဲ့အတိုင်းပဲ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေကို မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုမှု မရှိသူကို တက်ခွင့်ပြုမယ်ဆိုတဲ့ မူကို ဆက်ကိုင်ထားမယ်လို့ အာဆီယံခေါင်းဆောအင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။
NUG ဘက်ကတော့ အာဆီယံ ထပ်သီးအစည်းအဝေးတွေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားလှယ် မပါဝင်စေမည့် ဆုံးဖြတ်ချက် ဆက်လက်ကိုင်ဆွဲထားမှုကို ကြိုဆိုကြောင်းနဲ့ တခြား အာဆီယံဆက်စပ်အစည်းအဝေးတွေ၊ လှုပ်ရှားမှုနဲ့ အခမ်းအနားတွေမှာလည်း စစ်အုပ်စုရဲ့ ကိုယ်စားလှယ် မပါဝင်စေရေး အလေးထားဆောင်ရွက်ဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
တဖက်မှာတော့ မြန်မာစစ်အုပ်စုဟာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM)မှာ လက်ရှိအချိန်ထိ ဦးဆောင်ပါဝင်ခွင့် ရနေသလို မြန်မာ့လေတပ် ဦးစီးချုပ်က ဦးဆောင်ပြီး အခုစက်တင်ဘာလအတွင်း အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံကိုလည်း နေပြည်တော်မှာ ကျင်းပဖို့ ရှိနေပါတယ်။
ဒါ့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခွင့် မရတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ဝမ်းနည်းရပေမယ့် ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင်မှုမရှိတဲ့ အခြေအနေအပေါ် အာဆီယံက သမာသမတ်ကျစွာ ဆုံးဖြတ်ခဲ့မှုကို အသိအမှတ်ပြုတယ်လို့လည်း NUG ဘက်က ပြောပါတယ်။
အလားတူပဲ အရပ်သားပြည်သူတွေ၊ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ စျေးနဲ့ ဘာသာရေးအဆောက်အအုံလိုမျိုး အများပြည်သူဆိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ရန် တိုက်တွန်းမှုကို ကြိုဆိုတယ်လို့လည်း NUG ဘက်က ဆိုပါတယ်။
ဒါပေမယ့် အာဆီယံဘက်ကတော့ မြန်မာစစ်တပ်တခုတည်းကို မဟုတ်ဘဲ တခြားလက်နက်ကိုင် အစုအဖွဲ့အားလုံးကိုပါ အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက်ကိုင်စွဲထားမှာ ဖြစ်ပြီး အာဆီယံရဲ့ ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံတဝှမ်း လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်စဲရေး အားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတရပ် ထူထောင်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ ဘုံသဘောတူညီချက် ငါးချက် ချမှတ်ခဲ့တဲ့ အချိန်နဲ့ လက်ရှိအခြေအနေဟာ အလွန်ကွာခြားနေတာကြောင့် အဲဒီဘုံသဘောတူညီချက်တွေအပေါ် ပြန်လည်သုံးသပ်တာ၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး အကောင်ထည်ဖော်ဆောင်ရွက်မှုကို အချိန်မီ ဆောင်ရွက်ပေးဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – AFP