စက်တင်ဘာ၊ ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခု စီးနင်းခံခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရတွေ ရထားတယ်လို့ မုံရွာအခြေစိုက် PDF တပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
“ ရွာနဲ့ စခန်းကလည်း နီးတယ်၊ အဲ့နေ့က မိုးတွေကလည်း ရွာတယ်၊ ရွာကို ကွင်းပြီး စခန်းကို ဝင်စီးသွားတာ ” လို့ People’s Defense Force – South Monywa-V4 တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မုံရွာမြို့တောင်ဘက် ကိုးမိုင်ကျော်အကွာ မုံရွာ-ချောင်းဦး လမ်းပေါ်မှာရှိတဲ့ ကြေးမုံရွာ အနီးက PDF စခန်းကို စစ်ကောင်စီတပ်က မနေ့က မနက်ခြောက်နာရီလောက်မှာ စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စခန်းစီးနင်းမှုအတွင်း ဖမ်းဆီးခံလိုက်ရသူ ခြောက်ဦးကို စစ်ကောင်စီက ပစ်ခတ်ခဲ့တာကြောင့် သုံးဦးက နေရာမှာတင် ကျဆုံးခဲ့ပြီး နောက်တဦးကတော့ ဆေးကုသရင်း ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ် တွေမှာလည်း အရှင်ဖမ်းမိထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးရဲ့ ဓာတ်ပုံတွေ ဖော်ပြထားတာ တွေ့ရပါတယ်။
စီးနင်းခံရမှုအတွင်း ကျဆုံးခဲ့သူတွေဟာ မုံရွာခရိုင် PDF တပ်ရင်း (၁၁) တပ်ခွဲ (၃) တပ်စု (၁) Monywa Peacock Defense Force က ရဲဘော်ဖိုးသကြန် (ခေါ်) အောင်ခန့်ကျော်နဲ့ အဲဒီစခန်း ကို လာလည်တဲ့ Monywa King LPDF တပ်ဖွဲ့ဝင် သုံးဦး ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ထောက်ခံ တယ်လီဂရန် ချန်နယ်တွေမှာတော့ စက်တင်ဘာ (၆)ရက် မနက် (၇)နာရီက မုံရွာမြို့ကြေးမုံရွာ အနီးမှာရှိတဲ့ စစ်ကောင်စီနဲ့ PDF တွေ ထိတွေ့မှု ဖြစ်ခဲ့ပြီး PDF အလောင်း ခြောက်လောင်း၊ ကာဘိုင်သေနတ် တလက်၊ လက်လုပ်စိန်ပြောင်း (၁၀)လက်၊ ရှော့တိုက်ဒုန်း၊ လက်လုပ် (၄၀ မမ)၊ လက်လုပ်လက်ပစ်ဗုံး (၇၀) လုံး၊ ခဲယမ်း နဲ့ အသုံးအဆောင်တချို့ ရရှိခဲ့ တယ်လို့ ဖော်ပြကြပါတယ်။
စခန်းစီးနင်းခံရမှုအတွင်း ဒဏ်ရာရခဲ့သူ နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် လက်ရှိအချိန်အထိ စောင့်ကြည့်အနေအထားမှာပဲ ရှိသေးတယ်လို့ People’s Defense Force – South Monywa-V4 တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ အင်အား ခုနစ်ဆယ်ဝန်းကျင်ပါ စစ်ကောင်စီတပ်က အဲဒီ PDF စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလို တိုက်ခိုက်ခံရတာဟာ ရွာနဲ့ စခန်းတည်နေရာ နီးနေတာအပြင် သတင်းပေးခံရတာကြောင့်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ယူဆနေကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မုံရွာ-မန္တလေး လမ်းမပေါ်မှာ ရှိတဲ့ စွမ်းရည်ထက် ဆီဆိုင်က အထိုင်တပ်စခန်းကို ပြန်ရောက်သွားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်