စက်တင်ဘာ၊ ၅
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာအနီးက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်စခန်းတခုကို စစ်ကောင်စီက သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်မှာပျံ့နှံ့ နေပါ တယ်။
အဲ့ဒီသတင်းကိုစစ်ကောင်စီရဲ့ လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ ချန်နယ်က စက်တင်ဘာလ ၅ ရက် မှာစတင် ဖော်ပြခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က TNLA စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဓါတ်ပုံ ၁၂ ပုံနဲ့ဖြန့်ဝေထားပြီး အလောင်း သုံး လောင်း၊ သေနတ်တလက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားဖြန့်ဝေထားပါတယ်။
အဲ့ဒီပို့စ်ကို တခြားလော်ဘီချန်နယ်တွေကလည်း ထပ်မံဖြန့်ဝေထားပြီး မှိုင်းဝေချန်နယ်မှာတော့ ကြည့်ရှုသူ ၁၇၀၆၇ ဦး၊ reaction ပြုလုပ်သူ ၂၀၂ ဦး၊ ပြန်လည်မျှဝေသူ ၃၁ ဦးထိရှိကာ ဆက်လက်ပျံ့နှံ့နေတာပါ။
DNA Fact Check အဖွဲ့က ဖြစ်စဥ်ကို စစ်ဆေးကြည့်တဲ့အခါ စက်တင်ဘာလ ၄ ရက်က တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ခဲ့ကြောင်း သိရပြီး သတင်းအမှား ဖြစ် တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ TNLA တပ်တွေကြား တိုက်ပွဲအခြေအနေတွေအပါအဝင် တအာင်းဒေသတွင်း သတင်းတွေ ထုတ်ပြန် ပေးနေတဲ့ TNLA ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စက်တင်ဘာ ၄ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားတာမရှိပါဘူး။
ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတွေမှာလည်း မူဆယ်မြို့အနီးမှာ စက်တင်ဘာ ၄ရက်က တိုက်ပွဲ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။
ဒါ့အပြင် TNLA ရုံးချုပ်ကို DNA က ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း အဲ့ဒီသတင်းဟာ စစ်ကောင်စီဘက်က ဝါဒဖြန့်တဲ့ သတင်းမှားသာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ “စခန်းကတော့ ကျွန်တော်တို့လှုပ်ရှားနယ်မြေအတွင်းမှာတော့အနည်းနဲ့အများတော့ နေရာတိုင်းမှာရှိတယ်၊ အဲ့လို မနေ့ကစခန်းသိမ်းတိုက်ပွဲ ဖြစ်တယ်ဆိုတာမျိုး မရှိပါဘူး၊ကျွန်တော်တို့က ရုံးချုပ်ဆိုတော့လေ၊အဲ့လို အကုန်လုံး ပေါ့၊အဲ့မှာမနေ့က တိုက်ပွဲဖြစ်တာမျိုး မရှိဘူး၊ တိုက်ပွဲကမရှိတာတော့ သေချာတယ်” လို့ TNLA ပြောရေးဆိုခွင့် ရှိသူ က ဖြေကြားပါတယ်။
မူဆယ်မြို့ ဒေသခံတဦးကို DNA ကဆက်သွယ်မေးမြန်းရာမှာလည်း နမ့်အွန်ရွာပတ်ဝန်းကျင်မှာ TNLA တပ်စခန်း တွေရှိကြောင်းမသိထားဘူးလို့ ပြောပါတယ်။ “ကျွန်တော်တို့ သိသလောက်တော့ နမ့်အွန်မှာ ရွေ့လျားတွေတော့ရှိတယ်၊ စခန်းချထားတာကတော့ ရှိတယ်လို့ တော့မကြားမိဘူးပေါ့၊ကျွန်တော်လည်း အဲ့လိုပဲသိထားပါတယ်” လို့မူဆယ်ဒေသခံက Delta News Agency ကိုပြော ပါတယ်။
TNLA တပ်စခန်းသိမ်းပိုက်ခံရတယ်ဆိုပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတဲ့ နမ့်အွန်ရွာ ဟာ မူဆယ်မြို့နဲ့ ၁၈မိုင်ကျော်သာဝေးပြီး ပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေဟာ နမ့်အွန်ရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန် ခဲ့ကြပေမယ့် ဩဂုတ်လနဲ့ အခုလအတွင်း အဲ့ဒီရွာအနီးမှာတိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းနဲ့မှတ်တမ်း မတွေ့ရသေး ပါဘူး။
ဒါ့အပြင် TNLA တပ်စခန်းတခုကို စစ်ကောင်စီတပ်က သိမ်းပိုက်ခဲ့မှုမရှိတဲ့အကြောင်း Tachileik News Agency က TNLA တပ်ဖွဲ့ဝင်တွေကို ကိုးကားရေးသားထားတာကိုလည်း ဒီပို့စ်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
စစ်ကောင်စီလော်ဘီအကောင့်တွေကနေတော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်ပြီး သတင်းအမှားတွေကို ဖြန့်ဝေ နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့အကြောင်းအရာတွေကို အလွယ်တကူ မယုံကြည် ကြဖို့ Share မပြုလုပ်ဖို့ အကြံပြုလိုပါတယ်။
ပြည်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်းဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ် Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/ အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ DNA က အကြံပြုရေးသားလိုက်ပါတယ်။