ပေါင်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရလို့ သေဆုံး

စက်တင်ဘာ၊ ၄
 
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်မှာ စက်တင်ဘာလ ၃ ရက်၊ ညနေ ၅ နာရီခန့်က မြို့မရဲစခန်းက ရဲတပ်သားတဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” သူဆိုင်ကယ်မောင်းလာတုန်း၊ ကားနဲ့ ပစ်သွားတာ၊ မနည်းဘူးနော်။ သွားကြည့်တဲ့အချိန်က တော်တော် ပစ်ခံထိထားတဲ့ သဘော။ အဲဒီမှာပဲ သေနေတာပေါ့။ တွေ့တဲ့အချိန်ကလေ ” လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
သေဆုံးသူ ရဲတပ်သား (နယ်ထိန်း) ကိုကိုလွင်က မိုးနိုင်းရပ်ကွက်ကနေ မြို့မရဲစခန်းကို အရပ်ဝတ်နဲ့ တဦးတည်း ဆိုင်ကယ်မောင်းပြီး ပြန်လာချိန် မိုးနိုင်းရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေး အရောက်မှာ ကားနဲ့လာတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက သေနတ်နဲ့ ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
 
သေနတ်ပစ်ခံရမှုကြောင့် ရဲတပ်သားကိုကိုလွင်ရဲ့ ဝမ်းဗိုက် ကျည်ဖောက်ထွင်းဒဏ်ရာ လေးချက်၊ ရင်အုံ နှစ်ချက်၊ နဖူး တချက်၊ လက်ခုံ တချက်အပါအဝင် ခန္ဓာကိုယ်အနှံ့မှာ ကျည်ဖောက်ထွင်းဒဏ်ရာ ဆယ်ချက်ခန့်နဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ဒီကနေ့အချိန်ထိ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ပေါင်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေထံကို DNA က ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
ပေါင်မြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေ မကြာခဏ ပစ်ခတ်ရှင်းလင်းခံနေရပြီး ဩဂုတ်လ ၁၂ ရက်ကလည်း ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာမှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ ရဲတပ်သားတဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media