ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် မိုးရေထဲတိမ်းရှောင်နေရ

သြဂုတ်၊ ၃၁
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ရှစ်ထောင်ကျော် မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
 
“ တချို့ဆို ကောက်စိုက်နေရင်းတန်းလန်းနဲ့ရော ပျိုးနှုတ်ရင်းရော ပြေးရတာ၊ မိသားစုတကွဲ တပြား ပြေးရတာရှိတယ်၊ တချို့ဆို ဖုန်းပါမလာတာမျိုးတွေ ရှိတယ် အဝတ်အစားအပို မပါတာမျိုး ရှိတယ်။ မိုးထဲရေထဲကျတော့ တော်တော်ဒုက္ခရောက်တယ် “ လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ကိုနေသူရက ပြောပါတယ်။
 
အင်အားတရာကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က ခင်ဦးမြို့ပေါ်ကို ရောက်လာကာ ဒီကနေ့မနက် ၁၁ နာရီမှာ မြို့နယ်တောင်ဘက်က လောင်းရှည်ရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
 
“ မိုးရွာနေတာတောင် ခြေလျှင် စစ်ကြောင်းထိုးလာတာ ” လို့ ကိုနေသူရက ပြောပါတယ်။
 
အဲဒီစစ်ကြောင်းကြောင့် ခင်ဦးမြို့နယ် တောင်ခြမ်းက လောင်းရှည်၊ လက်ပံလှ၊ ရွာသန်း၊ ပန်းတွင်း၊ ကျီးကန်း၊ ရေအေးကုန်း စတဲ့ကျေးရွာတွေ အပါအဝင် အနီးအနားက ကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်အထိလည်း လောင်းရှည်ရွာထဲမှာပဲ တပ်စွဲအထိုင်ချထားတာကြောင့် ဒေသခံတွေ ဆက်လက်တိမ်းရှောင်နေကြရပြီး အမိုးအကာ၊ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကိုနေသူရက ပြောပါတယ်။
 
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး