အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီးတဦး ပစ်ခတ်ခံရလို့ သေဆုံး

သြဂုတ်၊ ၃၁
 
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီ ဗိုလ်ကြီးတဦး ဆိုင်ကယ်စီးလာချိန် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဝေယံက DNA ကို အတည်ပြုပြောပါတယ်။
 
သေဆုံးသူဟာ အုတ်ဖိုမြို့နယ်၊ မေးမြသာယာမြို့သစ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီဗိုလ်ကြီး တင်မျိုးအောင်ဖြစ်ပြီး နေရာမှာတင်သေဆုံးခဲ့ကာ သူ့ဆီက မောင်းပြန်ရိုင်ဖယ်သေနတ်တလက်၊ ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းနဲ့ ပြန်တမ်းဝင်ကတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုဝေယံက ပြောပါတယ်။
 
“ သူက ဆိုင်ကယ်နဲ့ သွားလာတတ်တယ်ဆိုတာ ကျွန်တော်တို့ဘက်က သတင်းရတယ်၊ သတင်းရတဲ့အတွက် (၃၈၀၂) သာယာဝတီခရိုင် တပ်ရင်း အဲဒီက ရဲဘော်တွေက သွားပြီး အေးမြသာယာရဲ့လမ်းတနေရာ ပစ်ခတ်ခဲ့တယ် ” လို့ သူကပြောပါတယ်။
 
အုတ်ဖိုမြို့ အေးမြသာယာမြို့သစ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီဗိုလ်ကြီး ဆိုသူကို ဒီကနေ့ မနက် ၁၁ နာရီလောက်က ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ (၄) (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
 
ပစ်ခတ်မှုလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)