စစ်ကောင်စီက ဆန်ဈေးနှုန်းကို ပြင်ပပေါက်ဈေးထက် လျှော့ချသတ်မှတ်၊ တင်ရောင်းရင် အရေးယူမယ်လို့ ဆို

သြဂုတ်၊ ၃၁
 
စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကစလို့ ဆန်ဈေးနှုန်းတွေကို လက်ရှိပြင်ပပေါက်ဈေးထက် လျှော့ပြီး ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ဆန်ကုန်သည်တချို့ ဈေးတင်မရောင်းရဲဘဲ အရောင်းရပ်ထားကြတယ်လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။
 
“ ဈေးနှုန်း မတင်ရဲဘူး၊ ဆွဲစိခံရမှာဆိုးလို့၊ သူတို့က ဈေးနှုန်းကျအောင် မလုပ်ဘူး၊ ဈေးရောင်းတဲ့သူတွေကို လိုက်ဖမ်းနေတာ၊ ဘယ်လိုဖြစ်လဲဆို ဆန်ချောတွေဆို တသိန်းမကျော်ရဘူး၊ ရွှေဘိုတွေဆို တသိန်းနှစ်သောင်း ခွဲဖြတ်ထားတာ၊ ဆန်တွေကို ဘယ်သူက ရောင်းနိုင်မှာလဲ အဲ့ဈေးနဲ့၊ အရောင်းရပ်ထားတယ်။ ရွှေဈေးတို့ ဘာတို့လို ဖြစ်ကုန်တာပေါ့ သူခိုးဈေးတွေဖြစ်ကုန်တာ ” လို့ ရန်ကုန်မြို့က ဆန်ကုန်သည်တဦးက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးကို ဩဂုတ်လ ၂၃ ရက်က ပြုလုပ်ခဲ့ပြီးနောက် ဆန်ဈေးနှုန်း သတ်မှတ်ချက်အသစ်တွေ ထွက်လာတာလို့ ဆိုပါတယ်။
 
အဲ့ဒီနောက် နှစ်ရက်အကြာ ဩဂုတ် ၂၅ ရက်က ကုန်စည်စက်မှုအသင်းချုပ် (UMFCCI)အစည်းအဝေးမှာ အသင်း ဥက္ကဌ ဦးအေးဝင်းက ဆန်းဈေးနှုန်း အသစ်တွေကို အသိပေးခဲ့သလို သတ်မှတ်ချက်ထက် ပိုတင်ရောင်းရင် ဖမ်းဆီးအရေးယူခံရနိုင်ကြောင်း အသိပေးခဲ့တာလို့ ဆန်ကုန်သည်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ ဈေးနှုန်းတွေအရ ရွှေဘိုပေါ်ဆန်း တအိတ် ကျပ် ၁၂၅၀၀၀၊ ဧရာဝတီပေါ် ဆန်း တအိတ် ကျပ် တသိန်း၊ ကျားပျံ ဆန်တအိတ် ကျပ်တသိန်း၊ ခွံနီရှယ် တအိတ် ၉၅၀၀၀ ကျပ်၊ ဆန်ကြမ်း တအိတ် ၇၂၀၀၀ ကျပ်သတ် မှတ်ထားတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီက ပြင်ပလက်လီဈေးကွက်အတွင်း အဲ့ဒီသတ်မှတ်နှုန်းထားထက် ငါးထောင်ကျပ်စီ ထက်မပိုတဲ့ နှုန်းနဲ့သာ ရောင်းချခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီက အဲဒီလို ဈေးနှုန်းမသတ်မှတ်ခင် ပြင်ပဈေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်း တအိတ် ကျပ် ၁၄၅၀၀၀ ကနေ ၁၆၅၀၀၀၊ ဧရာဝတီပေါ် ဆန်း တအိတ် ကျပ် ၁၄၅၀၀၀၊ ကျားပျံ ဆန်တအိတ် ကျပ် ၁၃၀၀၀၀၊ ခွံနီရှယ် တအိတ် ၁၂၀၀၀၀ ကျပ်၊ ဆန်ကြမ်းတအိတ် ကျပ် ၈၂၀၀၀ ပေါက်ဈေးရှိခဲ့တာပါ။
 
လက်ရှိမှာ ဆန်ကုန်စည်ဒိုင်တချို့က စစ်ကောင်စီသတ်မှတ်ဈေးနဲ့ ရောင်းချပေးနေပေမယ့် အရည်အသွေးမပြည့်မှီတဲ့ ဆန်တွေကိုသာ ရောင်းချပေးနေတာလို့ ဝါးတန်းလမ်းမှာ ရောင်းဝယ်နေတဲ့ ဆန်ကုန်သည်က ပြောပါတယ်။
 
“ တသိန်းကို ရောင်းလို့ရတဲ့ဟာတွေတော့ ထုတ်ရောင်းပေးတယ်၊ လုံးဝ မရောင်းဘူးတော့ မဟုတ်ဘူး၊မ ရောင်းရင် သူတို့ (စစ်ကောင်စီ)က အော်မယ်လေ သိတယ်မလား၊ ပေါ်ဆန်းဆို အနိမ့်စား ကောက်ကြီးလို ဆန်ပေါ့ မပွားတဲ့ဆန်၊ အဲ့ဒါတွေ တသိန်းနဲ့ ရောင်းပေးတယ်၊ ရွှေဘိုထဲမှာဆိုလည်း အနိမ့်ဆုံးဆန်တွေ ရှိတယ်၊ ရောသောကောသောတွေ၊ အဲ့ဒါတွေတော့ တသိန်းသုံးသောင်းနဲ့ ရောင်းပေးတယ် “ လို့ အဲ့ဒီဆန်ကုန်သည်က ဆိုပါတယ်။
 
သတ်မှတ်ဈေးထက်ပိုရောင်းရင် အရေးယူမယ်လို့ စစ်ကောင်စီက ဖိအားပေးထားတာကြောင့် ဆန်ကုန်သည်တချို့ အရောင်းရပ်ထားသလို ဆန်အရောင်းအဝယ်လည်း အေးနေတယ်လို့ သိရပါတယ်။
 
အခုလိုသာ ဆန်ကုန်သည်တွေ အရောင်းရပ်ထားမယ်ဆိုရင် ရှေ့လျှောက် ဆန်ဈေးနှုန်း ထပ်တက်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြတာတွေလည်း ရှိနေပါတယ်။
 
“ ညီမတို့က တက်တုန်းကလည်း စျေးကို အတတ်နိုင်ဆုံး ထိန်းရောင်းပေးတဲ့ ဆိုင်ဆိုတော့ ရှုံးပြီးရင်းရှုံးပဲ၊ အဲ့လို ဇွတ်သတ်မှတ်လို့မှ မရတာနော်၊ ရောင်းရင်းတောင် နဂိုကတည်းက ရှုံးနေတာ။ အဲ့လိုတွေဆိုတော့ ညီမတို့လည်း ဆက်တောင် မရောင်းစားချင်၊ စျေးအမြင့်တွေနဲ့ ဝယ်ထားတဲ့ဟာတွေကတော့ ရှုံးပြီအမရေ၊ ပစ္စည်းကုန်ရင်လည်း ထပ်ဝယ်လို့ရဖို့က မသေချာတော့ဘူး၊ ရွှေဘိုပေါ်ဆန်းက ပိုဆိုးတာပေါ့ ” လို့ ပုဇွန်တောင်မြို့နယ်က ဆန်လက်လီ ရောင်းဝယ်သူ တဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ကျဆင်းလာမှုနဲ့အတူ ဆန်အပါအဝင် စားသောက်ကုန်တွေ ဈေးနှုန်း တရိပ်ရိပ်မြင့်တက်ခဲ့ကာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာတော့ စံချိန်တင်နှုန်းထားတွေအထိ မြင့်တက်ခဲ့ပါတယ်။
 
အဲဒီနောက် စစ်ကောင်စီက ဆန်ဈေးနှုန်း ထိန်းညှိဖို့လို့ဆိုကာ ဆန်စပါးအသင်းချုပ်ကို အရန်ဆန်တွေ ထုတ်ရောင်းခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို အရန်ဆန်ထုတ်ရောင်းမှုကလည်း ဆန်ဈေးနှုန်းတွေ ကျဆင်းမသွားစေတဲ့နောက် စစ်ကောင်စီက အခုလို ဖိအားပေးသတ်မှတ်မှုတွေ လုပ်လာတာလို့ ဆန်ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
 
ဓာတ်ပုံ – Google