သက်ဆင်အတွက် ထိုင်းဘုရင်ဆီက လွတ်ငြိမ်းချမ်းသာမိန့် လျှောက်ထားဖို့ စီစဉ်နေကြောင်း ရှေ့နေပြော

သြဂုတ်၊ ၃၀

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာအတွက် တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားဖို့ စီစဉ်နေကြောင်း သူ့ရဲ့ ရှေ့နေက အတည်ပြုပါတယ်။

ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် ရာဇဝတ်ကြောင်း စွဲချက်တွေကနေ ရှောင်တိမ်းဖို့ ပြည်ပကို ၁၅ နှစ်ကြာ သွားရောက် နေထိုင်ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ ဩဂုတ် ၂၂ ရက်မှာတော့ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ သူဟာ အဲဒီနေ့မှာပဲ ထောင်ဒဏ် ၈ နှစ် စီရင်ချက် ချမှတ် ခံခဲ့ရတဲ့နောက် လောလောဆယ် ကျန်းမာရေး အခြေအနေအရ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ဆေးရုံကို တက်ရောက်နေပါတယ်။

သက်ဆင် ကြိုးကိုင်ထားတဲ့ ဖျူထိုင်းပါတီ (PTP)ဟာ ထိုင်းတော်ဝင် မိသားစုနဲ့ နီးစပ်တဲ့ ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့တဲ့နောက် သက်ဆင် လွတ်မြောက်ရေးကိစ္စ နောက်ကွယ်မှာ ကြိုတင် ညှိနှိုင်းမှုတွေ ရှိခဲ့ပြီး ဖြစ်မယ်ဆိုတဲ့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။ သက်ဆင်နဲ့ PTPကတော့ အဲဒီလို ကြိုညှိထားတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ PTPနဲ့ ကွန်ဆာဗေးတစ်တွေဟာ အစဉ်အလာ ခါးသီးပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့ရာက အခုတကြိမ်မှာတော့ အစိုးရ ဖွဲ့စည်းနိုင်အောင် ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ သက်ဆင်ရဲ့ ရှေ့နေဖြစ်သူ ဝင်ညတ် ချတ်မွန်ထရီက ဝန်ကြီးချုပ်ဟောင်းအတွက် တော်​ဝင် မိသားစုဆီက လွတ်ငြိမ်းချမ်းသာခွင့် အယူခံ လျှောက်ထားရေးကိစ္စ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။ ဘယ်နေ့မှာ အဲဒီကိစ္စကို တရားဝင် အဆိုပြု လျှောက်ထားမလဲ ဆိုတာကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

သက်ဆင်ရဲ့ သမီးဖြစ်ပြီး PTPရဲ့ ထိပ်တန်း ခေါင်းဆောင် တဦးအနေနဲ့ တာဝန်ယူထားသူ ပေတွန်တန် ရှီနာဝပ်ထရာဟာ ဩဂုတ် ၂၈ ရက်နဲ့ ၂၉ ရက် မနက်ပိုင်းတွေမှာ ဆေးရုံကို သွားရောက်ပြီး ဖခင်ကို တွေ့ဆုံခဲ့ပါတယ်။ သက်ဆင်ဟာ နာတာရှည် ကျန်းမာရေး ပြဿနာတွေ တော်တော်များများ ခံစားခဲ့ရပြီး လောလောဆယ် သူအစိုးရိမ်ဆုံးကတော့ ဖခင်ရဲ့ နှလုံး အခြေအနေ ဖြစ်တယ်လို့ ပေတွန်တန်က ပြောပါတယ်။ သက်ဆင်ဟာ ဆေးရုံက VIP အခန်းထဲမှာ အခန့်သား နေခွင့်ရနေတယ်ဆိုတဲ့ သတင်းတွေကို ပေတွန်တန်က ငြင်းဆိုသွားပါတယ်။

သက်ဆင်ပြန်ရောက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့် အယူခံဝင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကိစ္စတွေအပေါ် ထိုင်းတော်ဝင် မိသားစုကတော့ လက်ရှိအချိန်ထိ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဥပဒေရေးရာ လေ့လာသူတွေကတော့ တကယ်လို့ သက်ဆင်သာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် မရခဲ့ဘူးဆိုရင် အနည်းဆုံး ထောင်ထဲမှာ ၂ နှစ်လောက် လွတ်လမ်းမရှိဘဲ နေရလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

 

Ref: Bangkok Post