ပြည်သူငြိုငြင်တဲ့ တော်လှန်ရေးမဖြစ်ဖို့ NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့သတိပေး

ဩဂုတ်၊ ၂၉

နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့ချိတ်ဆက်မှု၊တသားတည်းဖြစ်မှုတွေကို ထိပ်ဆုံးကထားဖို့လိုပြီး ပြည်သူငြိုငြင်လာ တာနဲ့အမျှ လူထုအားပေးထောက်ခံမှုတစထက်တစပျယ်လွင့်သွားနိုင်တယ်လို့ NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ် တို့က သတိပေးပြောကြားလိုက်ပါတယ်။

တော်လှန်ရေးအပေါ် လူထု ငြိုငြင်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး NUG ခေါင်းဆောင်နှစ်ဦးက ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ အထက်ပါအတိုင်း ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ ပြည်သူကို လုံခြုံနွေးထွေး အောင် ကာကွယ်ပေးရမယ့် တာဝန်ကို ယူထားကြသူများ ဖြစ်ပါတယ်၊ကာကွယ်ပေးရမယ့် သူတွေက လမ်းကြောင်းတွေ လွဲလာကြမယ်ဆိုရင် တော်လှန် ရေးအတွက်လည်း ထိခိုက်မှု ရှိလာမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။

သတိထားဖြေရှင်းရမယ့် ကိစ္စတွေကို ပြဿနာတွေမကြီးထွားခင် မြန်မြန်ဆန်ဆန်ဖြေရှင်းဆောင်ရွက်ဖို့လိုပြီး အဲ့ဒီ လိုလုပ်ကိုင်မှသာ အခက်အခဲနည်းလိမ့်မယ်လို့လည်း သူကပြောပါတယ်။

အထူးသဖြင့် လက်နက်ကိုင်အစုအဖွဲ့တွေကြားက ပြဿနာတွေကို အစိုးရအနေနဲ့ မူဝါဒခိုင်ခိုင်မာမာ ချမှတ်ဖြေရှင်း ဖို့လိုတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထောက်ပြပါတယ်။

“လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ်မျိုးတွေ၊ အနိုင်အထက်ပြုကျင့်လိုသူ ဆွမ်းဆန် ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတတ်ပါတယ်၊အဲဒီလို လူတချို့ရဲ့ ပြုမူဆောင်ရွက်မှုတွေ ကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်ရတာ စိုးရိမ်မှုများ ရှိနေတာမျိုးလည်း ကြားသိရပါတယ်” လို့သူကပြော ပါ တယ်။

တာဝန်ရှိဝန်ကြီးဌာနတွေအနေနဲ့ အဆင့်ဆင့် အမိန့်ပေးစနစ်၊စည်းကမ်းလိုက်နာမှု၊ပူးပေါင်းဆောင်ရွက်မှု၊ ကျစ် လျစ်တဲ့ စုဖွဲ့မှုတွေဖြစ်လာအောင်ကြိုစားဖို့လိုသလို ပြဿနာတွေရှိလာရင်လည်း အလျင်အမြန်ဖြေရှင်းဖို့NUG ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

အလားတူ ယာယီသမ္မတ ဒူဝါလရှီးလကလည်း တော်လှန်ရေးဟာ စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျ စွမ်းဆောင်နိုင်မှသာ လူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုဖန်တီးပေးနိုင်မှာဖြစ်ပြီး ပြည်သူနဲ့မကင်းကွာဖို့ဟာ တော်လှန်ရေး သစ္စာတခုဖြစ်တယ်လို့ပြောပါတယ်။

 “ကျွန်တော်တို့ အစိုးရရဲ့ အသက်သွေးကြောဟာ ပြည်သူ့ထောက်ခံမှုဖြစ်ပါတယ်။ တော်လှန်ရေးအတွက် လူထုဦး ဆောင်မှု အခန်းကဏ္ဍကို ပြည်သူတွေက ယုံကြည်စွာ ပေးအပ်ထားတာကို အမြဲတမ်း သတိမပြတ် ဂရုပြုနေကြဖို့ လိုအပ်ပါတယ်”လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။