ဩဂုတ်၊ ၂၉
ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကို အပြည့်အဝ ထောက်ပံ့နိုင်ဖို့ တလကို အမေရိကန်ဒေါ်လာ နှစ်ဆယ် ပေးသွင်းရုံနဲ့ ထောက်ပို့တပ်သားအဖြစ်ပါဝင်နိုင်မယ့်အစီအစဉ်ကိုသစ်ကို လာမယ့်စက်တင်ဘာမှာစတင်မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဆိုပါတယ်။
‘’ ထိုးစစ်အကြိုကာလကို ချဉ်းကပ်တဲ့ အခါမှာ တိုးမြင့်လာတဲ့ စစ်ရေးအသုံးစရိတ်ကို ထိရောက်အောင် ကာကွယ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ PRF ထောက်ပို့တပ်သည် အင်မတန်အရေးကြီးလာပါတယ်’’ လို့ NUG-MOD စီမံခန့်ခွဲရေးနဲ့ ဘဏ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကြားကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု(PRF 2 .0) နဲ့ပတ်သတ်ပြီး သြဂုတ်လ ၂၉ ရက်မှာ အွန်လိုင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာဖြစ်ပါတယ်။
PRF 2.0 အစီအစဉ်ကိုလာမယ့် စက်တင်ဘာမှာစတင်မှာဖြစ်ပြီးမြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးက ထောက်ပို့တပ်သားအဖြစ် ပါဝင်လိုရင် အမေရိကန်ဒေါ်လာ နှစ်ဆယ်နဲ့ ညီမျှတဲ့ ဘယ်ငွေနဲ့မဆို ပါဝင်နိုင်ပြီး လုံခြုံရေးကိုလည်း ဦးစားပေးဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
အဲဒီအစီအစဉ်သစ်အရ ထောက်ပို့တပ်သားကတ် ထုတ်ပေးရာမှာကိုယ်ပိုင်အမှတ်နဲ့ ဘယ်ဒေသအတွက် ထောက်ပံ့ပို့ဆောင်နေတဲ့ တပ်သားဖြစ်ကြောင်းကြည့်လို့ရမယ့် QRကုတ်စနစ် ထည့့်သွင်းသွားမယ်လို့လည်း သိရပါတယ်။
နွေဦးတော်လှန်ရေး ရဲ့လက်နက်ကိုင် တွန်းလှန်ခုခံစစ် ကာလမှ ထိုးစစ် ကာလကို ပြောင်းလဲလာလို့ ထိုးစစ်တွေကို ဦးဆောင်တိုက်ခိုက်နိုင်ဖို့ PDF တွေအနေနဲ့ စွမ်းရည်မြင့် လက်နက်တွေ၊ ကျည်နဲ့ခဲယမ်း ၊ ထုတ်လုပ်ရေး အသုံးစရိတ်၊ထောက်ပို့ကုန်ကျစရိတ်၊ေ ဆးဝါးတွေ နည်းတူ စားနပ်ရိက္ခာ ဖူလုံရေး တွေ ပိုလိုအပ်လာတယ်လို့ဆိုပါတယ်။
“PDF သည်ထုနဲ့တင်ထားတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီတော့ PRF ကိုလည်း ထုနဲ့တင်ရမယ့် အချိန်ကာလဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အာရုံစိုက်ရမယ့် အချိန်ကာလဖြစ်ပါတယ်’’ လို့ ဦးကျော်ကြားက ပြောပါတယ်။
ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု (PRF) ကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ် ၊ဧပြီလ အထိ (၁၇) လကြာ လုပ်ဆောင်ခဲ့ပေမယ့် လူထုကြားထဲစိမ့်ဝင်အောင် လုပ်ဆောင်တဲ့နေရာမှာ အားနည်းချက်တွေရှိခဲ့လို့ ပြောင်းလဲပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အရင် PRFအစီအစဉ်မှာတုန်းက ထောက်ပို့တပ်သားတယောက်ရဲ့ ထည့်ဝင်ငွေဟာ Fund-raiser တွေကတဆင့် ကာကွယ်ရေဝန်ကြီးဌာနကို ရောက်ရှိပြီး အဲဒီကတဆင့် PDF တပ်ရင်းတွေအတွက် လိုအပ်တဲ့နေရာမှာ ပြန်လည်သုံးစွဲခဲ့ပေမယ့် အခုအစီအစဉ်ကတော့ ကွဲပြားတယ်လို့ပြောပါတယ်။
” ဒီPRF 2.0ကတော့ မိမိသည် နှစ်သက်ရာ တိုင်းဒေသအတွက် ထောက်ပို့တပ်သားအဖြစ်တာဝန်ထမ်းဆောင်နိုင်သလို ရွေးချယ်ခွင့်ရှိပါတယ်။တိုင်းနဲ့ပြည်နယ်တွေရွေးချယ်ခွင့်ရှိပါတယ်’’ လို့ဦးကျော်ကြားက ဆိုပါတယ်။
‘’မန္တလေးတိုင်းဆို မန္တလေးတိုင်းအတွက်ပဲ သုံးစွဲသွားမှာဖြစ်တယ် ။အခြားတိုင်းနဲ့ ပြည်နယ်အတွက် သုံးစွဲမှာ မဟုတ်ဘူး။အားနည်းတဲ့တိုင်းနဲ့ပြည်နယ်တွေအတွက် ကာကွယ်ရေးဌာနရဲ့ ပြည်ထောင်စုရန်ပုံငွေက ရရှိတဲ့ အရန် ရန်ပုံငွေထဲကနေ သုံးစွဲသွားမှာ ဖြစ်ပါတယ်”လို့ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ထောက်ပို့တပ်သားအရေ အတွက်၊ရရှိတဲ့ ရန်ပုံငွေနဲ့မြေပြင်မှာ ရန်ပုံငွေသုံးစွဲတာစတာတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင်လစဉ်အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ PRF ၁၇ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါးရရှိပြီး PDF တပ်ရင်းတွေကို ကိုးသန်းနီးပါးနဲ့ စစ်လက်နက်ထုတ်လုပ်ရေးအပါအဝင် ပြည်သူ့ကာကွယ်ရေး (ပကဖ)နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအတွက် နှစ်သန်းနီးပါး ထောက်ပံ့ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ PDF သိန်းချီရှိနေပေမယ့် ထောက်ပံ့နေတဲ့ ခန့်မှန်းထောက်ပို့ တပ်သားနှစ်သောင်း ဝန်းကျင်သာ ရှိသေးတာကြောင် ထောက်ပို့တပ်သားများစွာ လိုအပ်နေသေးတယ်လို့ဆိုထားပါတယ်။
အခုလာမယ့် PRF 2.0 အစီအစဉ်မှာ အရင်ကထက်ပိုပြီးထောက်ပံ့နိုင်ဖို့ရည်မှန်းထားပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် ထောက်ပို့တပ်ဖွဲ့ဝင်ဖို့နဲ့ ထောက်ပို့တပ်သားစည်းရုံးဖို့ အရေးကြီးတဲ့အတွက် ပါဝင်ကြဖို့ ဦးကျော်ကြားက တိုက်တွန်းပါတယ်။
‘’ဒီနှစ်ခုကိုလိုက်နာရင် တော်လှန်ရေးမအောင်စရာအကြောင်းမရှိဘူး”လို့ ဦးကျော်ကြားက ဆိုပါတယ်။