ကြာအင်းဆိပ်ကြီးမှာ ရုံးသုံးရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရ

သြဂုတ်၊ ၂၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ  ရုံးသုံးရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

“ ရုံးအနီးတဝိုက်မှာက စစ်တပ်ဘက်က လုံခြုံရေးယူထားတာရှိတယ်။ ကြာပြီးလေ အခုမှ မဟုတ်တာ။သူတို့ကင်းစခန် အနားမှာ သွားကျတာလို့ ပြောတယ်။သုံးယောက်ထိသွားတယ်။ ဒဏ်ရာက များတာပဲ သိရတာ။သေ၊ မသေတော့  မသိ သေးဘူး။”လို့ ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံး၊ စာရင်းစစ်ရုံးနဲ့စိုက်/ဘဏ်ရုံးကို ဩဂုတ်လ ၂၈ ရက်၊ ည ၁၀ နာရီခန့်မှာ အမည်မသိလက်နက် ကိုင်အဖွဲ့တခုမှ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရမှုကြောင့် စိုက်/ဘဏ်အဆောက်အဦးခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို အဲဒီရုံးအနီးမှာ လုံခြုံရေးယူနေတဲ့ ကင်းစခန်းနေရာကိုလည်း ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်သားသုံးဦးဒဏ်ရာရခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးဟာ ခန္ဓာကိုယ်နဲ့ ဦးခေါင်တွေမှာ ကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် အရေးပေါ်ဆေးကုသမှုခံယူနေရပြီး အဲဒီထဲက တဦးက ဒီကနေ့ မနက်မှာ သေဆုံးသွားတယ်လို့ ပြောဆိုမှုတွေရှိပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် စည်ပင်ရုံးရဲ့ သွပ်အမိုး၊ မျက်နှာကျက်၊ ရုံးတွင်းပစ္စည်းတချို့ပျက်စီးခဲ့သလို မြို့နယ် စိုက်/ဘဏ်ရုံးမှာလည်း ပြတင်းပေါက်မှန်နဲ့ ပစ္စည်းတချို့ ပျက်စီးမှုရှိခဲ့ပေမယ့် စာရင်းစစ်ရုံးကတော့  အဆောက်အဦ ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အပျက်အစီးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ ရုံးအဆောက်ဦပျက်စီးတာတွေ မရှိဘူး။ နောက်ပြီး ဝန်ထမ်းတွေလည်း ညဘက်ရုံးမှာ ဘယ်သူမှ မနေဘူး။ တချို့ရုံးတွေကတော့ နေ့ဘက် ရုံးတက်တာတွေ ရှိနေသေးတယ်ပေါ့။” လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးသလို DNA အနေနဲ့ အတည်ပြုပေးနိုင်ဖို့ ကေအဲန်ယူ -တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ထားပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။

“ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဒရုန်းတပ်ဖွဲ့က လုပ်တာပေါ့။ ရုံးသုံးခုကို နှစ်လုံးစီ ချလိုက်တာလို့ သိရတယ်။ အနည်းနဲ့ အများကတော့ ထိခိုက်မှုတော့ ရှိပါတယ်။ မြေပြင်အဖွဲ့က ထုတ်ပြန်တာကိုပဲ စောင့်လိုက်တာ ကောင်းပါတယ်။” လို့ Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့မှာ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး ဇွန်လ ၂ ရက်မှာလည်း ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ နေရာကို KNLA နဲ့  PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေ ပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ မြို့ပေါ်ရပ်ကွက်က နေအိမ်အဆောက်အဦတွေအပေါ်ကို လက်နက်ကြီး ကျည်တွေ ကျရောက် ပေါက်ကွဲ ခဲ့ပြီး သံဃာတပါးအပါအဝင် ဒေသခံတချို့သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက DNA ကို ဖြေဆိုထားပါတယ်။

“ ဒီဘက်မှာက နေ့ပိုင်းဆို လူတွေ အသွားအလာရှိတယ်။ညနေ မိုးမချုပ်ခင်ဆို လမ်းမှာ သွားလာတာမရှိတော့ဘူး။ စစ်တပ် ကလည်း နေ့တိုင်းကင်းလှည့်တာပေါ့။ ပြည်သူတွေလည်း အပြင်မထွက်ရဲကြဘူး။ဖမ်းခံ ပစ်ခံရမှာကြောက်တာပေါ့။လက်နက်ကြီးပစ်သံက နေ့တိုင်းလိုလို ကြားနေရတာပဲ။ ဘယ်သူက ဘယ်သူ့ကို ပစ်နေကြမှန်းမသိတော့ဘူး။ နားတောင် ယဉ်နေပြီ။” လို့ ကြာအင်းဆိပ်ကြီး မြို့ခံတဦးက ပြောပါတယ်။