သြဂုတ် ၊ ၂၇
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာထဲကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၆ ရက် ညနေပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာခံ လေးဆယ်ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“တချို့က စစ်တပ်ဝင်လာလို့ ဘုန်းကြီးကျောင်းကို ပြေးတာ။ စစ်တပ်ကလည်း ဘုန်းကြီးကျောင်းမှာပဲ လာတည်းတော့ အဲမှာတွေ့တဲ့သူတွေကိုလည်း ဖမ်းထားလိုက်တယ်။ လူသားဒိုင်းလုပ်ပြီး ခေါ်သွားနေတာမျိုး ဆိုးဆိုးဝါးဝါးတော့ မကြားသေးဘူး” လို့ တီဇစ်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
ထားဝယ်ကနေ မြေသယ်ကားနှစ်စီးနဲ့ ရောက်လာတဲ့ အင်အားငါးဆယ်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၂၆ ရက် ၊ညနေ သုံးနာရီလောက်မှာ လောင်းလုံးမြို့နဲ့ သုံးမိုင်ကျော်အကွာက ပျူစောထီးအဖွဲ့ဝင်တွေရှိတဲ့ စမ်းလှမ်းကျေးရွာကို ကားနဲ့ အရင်သွားရောက်ခဲ့တာပါ။
အဲဒီနောက်မှာတော့ စမ်းလှမ်းရွာနဲ့ နှစ်မိုင်ခန့်အကွာ တီဇစ်ရွာဘက်ကို တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။
“ဖမ်းထားတာက လေးဆယ်လောက်တော့ အနည်းဆုံးရှိတယ်၊ တချို့လည်း ရွာထဲကနေ ရှောင်နေကြတော့ လူမရှိတဲ့ ဆိုင်တွေဆို ရိုက်ဖွင့်သံတွေလည်းကြားရတယ်ပြောတယ်။ ဆိုင်ထဲက ပစ္စည်းတွေ ယူသွားတာဖြစ်မယ်” လို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဒေသခံ လူငယ်တဦးက DNA ကို ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်အထိတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော အဖမ်းခံထားရသူတွေပါ တီဇစ်အထက်ကျောင်း(ဘုန်းကြီးကျောင်း)မှာပဲ ရှိနေပြီး အဖမ်းခံထားရသူတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
လက်ရှိမှာတော့ စစ်တပ်က အခုလို စစ်ကြောင်းထိုးလာတာကြောင့် ပင်လယ်ကမ်းစပ်ရွာဖြစ်တဲ့ တီဇစ်ကျေးရွာက ဒေသခံ ငါးရာထက်မနည်း နီးစပ်ရာရွာတွေ၊ တောတောင်တွေထဲ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေ အခုလို စစ်ကြောင်းထိုးလာတာဟာ တီဇစ်ရွာနဲ့ အနီးတဝိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေ ရှိနေတယ်ဆိုပြီး ယူဆတာကြောင့် ဖြစ်နိုင်တယ်လို့ပြောကြပြီး လက်ရှိအချိန်ထိတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးပါဘူး။
ပုံစာ-ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) ဒေသခံတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။