သြဂုတ်၊ ၂၃
တရုတ်ကနေ တောင်ကိုရီးယား ကမ်းခြေထိ ဂျက်စကီး တစီးကို စီးနင်းပြီး ရောက်ရှိလာသူ တရုတ် နိုင်ငံသား တဦးကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီ တရုတ် အမျိုးသားဟာ ကီလိုမီတာ ၃၀၀ ကျော် ပင်လယ်ခရီးကို ဂျက်စကီး တစီးနဲ့ စွန့်စွန့်စားစား ဖြတ်ကျော်လာခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ သူဟာ 1800cc အင်ဂျင်တပ် ဂျက်စကီး တစီးရဲ့နောက်မှာ ဆီတိုင်ကီ ၅ လုံးကို ချိတ်ဆွဲပြီး ရှန်ဒေါင်းကနေ စတင် ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။ ပြီးတော့ ပင်လယ်ဝါကို ဖြတ်ပြီး တောင်ကိုရီးယားပိုင် အင်ချီယွန်မြို့ ကမ်းခြေနားကို ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။
သူဟာ လမ်းမှာ ဂျက်စကီးကို ဆီတွေပြန်ဖြည့်ရင်း ပင်လယ်ကို ဖြတ်လာခဲ့တာလို့ တရုတ် နိုင်ငံသားက ကမ်းခြေစောင့် အရာရှိတွေကို ပြောပြပါတယ်။ သူ့ရဲ့ ခရီးကြမ်းမှာ လမ်းကြောင်းရှာဖို့အတွက် သံလိုက်အိမ်မြှောင် တခုနဲ့ အဝေးကြည့် မှန်ဘီလူးတခု ယူဆောင်လာပါတယ်။ ပြီးတော့ ခေါင်းဆောင်းနဲ့ အသက်ကယ် အင်္ကျီကို ဝတ်လာခဲ့ပါတယ်။ လမ်းမှာ ဂျက်စကီးကို ဆီဖြည့်ပြီးတဲ့နောက် သူက ဆီပေပါ အခွံတွေကို ပင်လယ်ထဲမှာပဲ စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။
မူလက သူဟာ အင်ချီယွန် ကမ်းခြေဆီ တိုးတိုးတိတ်တိတ် ဝင်ရောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကမ်းစပ်နားရောက်မှ လှိုင်းဒဏ်လေဒဏ်ကြောင့် ဒုက္ခရောက်တဲ့အခါ အကူအညီ တောင်းခံရင်း အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက အဲဒီ အမျိုးသားဟာ အထောက်အထားမဲ့ ခိုးဝင်ဖို့ ကြိုးစားတဲ့အတွက် လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေအရ တရားရင်ဆိုင်ရဖွယ် ရှိနေကြောင်း ပြောပေမယ့် သူလျှိုတယောက် ဖြစ်နိုင်တဲ့ ဘာအထောက်အထားမှတော့ မတွေ့ဘူးလို့ ဆိုပါတယ်။
ရဲတွေက အဖမ်းခံရတဲ့ တရုတ်နိုင်ငံသား ဘယ်သူဘယ်ဝါ ဆိုတာ မကြေညာသေးပေမယ့် တောင်ကိုရီးယား အခြေစိုက် အန်ဂျီအို အဖွဲ့အစည်း တခုဖြစ်တဲ့ Dialogue Chinaကတော့ သူဟာ တရုတ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကွမ်ပြောင်ဆိုသူ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားကို အထောက်အထားမဲ့ ခိုးဝင်တဲ့ လုပ်ရပ်က မှားယွင်းတယ် ဆိုပေမယ့် ကွမ်ဟာ တရုတ် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုနဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကို ၂၀၁၆ ကတည်းက ကြုံတွေ့နေခဲ့ရတဲ့အတွက် အသက်ကိုရင်းပြီး တောင်ကိုရီးယားဆီ စွန့်စွန့်စားစား ထွက်ပြေးလာတာသာ ဖြစ်တယ်လို့ Dialogue Chinaက ဆိုပါတယ်။ ကွမ်ကို တောင်ကိုရီးယားမှာ နိုင်ငံရေး ဒုက္ခသည်အဖြစ် ခံယူခွင့်ရအောင် ကြိုးစား ကူညီပေးမယ်လို့လည်း အဲဒီအဖွဲ့က ကြေညာပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် အခြေစိုက် တရုတ်သံရုံးကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
Ref: CNA