စင်္ကာပူနိုင်ငံက စစ်အုပ်စုထံ လက်နက်လွှဲပြောင်းမှုနဲ့ ဘဏ်တွေ သုံးစွဲခွင့်ပေးမှု ရပ်တန့်ပေးဖို့ တောင်းဆို

သြဂုတ်၊ ၂၃
 
စင်္ကာပူနိုင်ငံက မြန်မာအာဏာသိမ်းစစ်အုပ်စုဆီ လက်နက်တွေ လွှဲပြောင်းပေးနေမှု၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ကုန်စည်တွေနဲ့ နည်းပညာတွေ ရောင်းချပေးနေတာ၊ ဘဏ္ဍာရေးစနစ် အသုံးပြုခွင့်ပေးနေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့ သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့က တိုက်တွန်းတောင်းဆိုပါတယ်။
 
စင်ကာပူနိုင်ငံကတဆင့် အကြမ်းဖက်စစ်အုပ်စုထံ လက်နက်တွေ ရောင်းချနေတာ၊ ဘဏ်စနစ်တွေ အသုံးပြုခွင့်ပေးနေတာတွေကို စင်ကာပူအစိုးရအနေနဲ့ တားမြစ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့တာကြောင့် စစ်အုပ်စုဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေနိုင်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာတွေအရ စင်္ကာပူနိုင်ငံဟာ တရုတ်နဲ့ရုရှားတို့ပြီးရင် မြန်မာစစ်အုပ်စုကို လက်နက်တင်ပို့ရောင်းချပေးနေတဲ့ တတိယမြောက် ပမာဏအကြီးဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ စင်္ကာပူနိုင်ငံကတဆင့် လက်နက်ကုမ္ပဏီ ၁၃၈ ခုက မြန်မာစစ်အုပ်စုဆီ အမေရိကန် ဒေါ်လာ ၂၅၄ သန်းဖိုးလောက် လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ လွှဲပြောင်းပေးခဲ့တယ်လို့ အထူးကိုယ်စားလှယ် Tom Andrews က ဆိုထားတာပါ။
 
စင်္ကာပူအစိုးရ တာဝန်ရှိသူတွေကတော့ မစ္စတာ Tom Andrews ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မြန်မာစစ်အုပ်စုဆီ လက်နက်နဲ့ နည်းပညာတွေ ရောင်းချပေးနေတယ်ဆိုတဲ့အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သလို မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေ အသုံးပြုကြတဲ့ စင်္ကာပူအခြေစိုက် UOB ဘဏ်ကလည်း မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေမှုတွေကို ရပ်တန့်ခဲ့ပါတယ်။
 
စင်္ကာပူအစိုးရအနေနဲ့ စင်္ကာပူနိုင်ငံကနေတဆင့် မြန်မာ စစ်အုပ်စုဆီ လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းတွေနဲ့ နည်းပညာတွေ ရောင်းချနေမှုမှာ ပါဝင်ပတ်သက်တဲ့ စင်္ကာပူအခြေစိုက် ကုမ္ပဏီတွေကို ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဆိုထားပါတယ်။