သြဂုတ်၊ ၂၂
ချင်းပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF Zoland တပ်ဖွဲ့ထံကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်သား နှစ်ဦး လက်နက်တွေနဲ့အတူ သြဂုတ်လ ၁၉ ရက်က ပူးပေါင်းလာတယ်လို့ အဲဒီအဖွဲ့သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့ ကျွန်တော်တို့ဆီကို အလင်းဝင်လာတာက ဩဂုတ် ၁၉ ရက်မှာပေါ့။ နောက်ရက်မှာတော့ တယောက်ကို ကျပ်သိန်း ငါးဆယ် စီနဲ့ စုစုပေါင်း ကျပ်သိန်း တရာ ဆုချီးမြှင့်ပေးခဲ့ပါတယ်”လို့ PDF- Zoland ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီ ရဲတပ်သားနှစ်ဦးဟာ တီးတိန်မြို့၊မြို့မရဲတပ်ဖွဲ့မှူးရုံးမှ လုပ်သက် ကိုးနှစ်ရှိ ရဲတပ်သား ကိုမောင်ဦးနဲ့ လုပ်သက် သုံးနှစ်ရှိ ရဲတပ်သား ကိုဂျူလီမာမိုတို့ ဖြစ်ပြီး G3 နှစ်လက်၊ ကျည်ဆန် နှစ်ရာကျော်နဲ့ ကျည်အိမ် ရှစ်ခုတို့ကို ယူဆောင်လာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကို စွန့်ခွာလာပြီး တီးတိန်မြို့နယ်ထဲမှာအခြေပြုလှုပ်ရှားနေတဲ့ ချင်းဒေသကာကွယ်ရေးတပ် PDF Zoland ထံကို CDM လုပ်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဝင်ပေါင်းရာဂဏန်းအထိရှိပြီး လက်နက်ခဲယမ်းနဲ့ဝင်လာသူ ဆယ် ဦးခန့်အထိ ရှိတယ်လို့အဲဒီတာဝန်ရှိသူက ပြောပါတယ်။
“လက်နက်ခဲယမ်းနဲ့ ဝင်တဲ့သူတွေရှိသလို လက်ဗလာနဲ့ဝင်တဲ့သူလဲ တော်တော်များများရှိပါပြီ။ စစ်ရေးအခြေနေအရ တချို့ကို အတိအလင်းမဖော်ပြတာလဲ ရှိပါတယ်”လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ကောင်စီတပ်ကို စွန့်ခွာပြီး စစ်လေယာဉ်နဲ့ဝင်လာရင် ကျပ်သိန်းတသောင်း၊ စစ်လေယာဉ်နဲ့ စစ်သင်္ဘောတွေ ဖျက်စီးနိုင်ရင် ကျပ်သိန်းခြောက်ထောင်နဲ့ တင့်ကား၊ သံချပ်ကာကား ဖျက်စီးနိုင်ရင် ဒါမှမဟုတ် ယူလာနိုင်ရင် ကျပ်သိန်း နှစ်ထောင်ချီးမြှင့်မယ်လို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေထံကို လက်နက်နဲ့တကွ စစ်ကောင်စီတပ်ကို
စွန့်ခွာလာသူတွကိုလည်း ပျှမ်းမျှဆုငွေ ကျပ်သိန်းငါးဆယ်ဝန်းကျင်အထိကို ဆုကြေးအဖြစ် ပေးနေတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီတပ်ကတော့ သူတို့လက်အောက်ရှိ တပ်သားတွေ ထွက်မပြေးနိုင်ရန်အတွက် မှတ်ပုံတင်တွေကို သိမ်းဆည်းထားသလို ထွက်ပြေးရင် မိသားစုဝင်တွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်ခြောက်ထားလေ့ရှိတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ စစ်ကောင်စီတပ်ကိုစွန့်ခွာလာတဲ့ စစ်သား၃,၂၃၆ ဦးနဲ့ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂,၃၂၇ ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၃ ခုနှစ်နှစ်ဆန်းမှာထုတ်ပြန်ထားတာရှိပါတယ်။