ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ စတင်ပြဌာန်း၊ CDM ရဲအရာရှိတွေ ရဲချုပ်၊ ဒုချုပ်ဖြစ်လာ

သြဂုတ်၊ ၂၁
 
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို တပ်ဖွဲ့ပုံစံနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ စတင်ပြဌာန်းလိုက်ပြီး CDM ရဲအရာရှိတွေက ရဲချုပ်၊ ဒုရဲချုပ်တွေအဖြစ် ဦးဆောင်သွားမှာ ဖြစ်တယ်လို့ အဲ့ဒီရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကစလို့ ယာယီအုပ်ချုပ်ရေးကော်မတီ ဦးဆောင်မှုနဲ့ လည်ပတ်နေတာဖြစ်ပြီး အခုလအတွင်းမှာတော့ ဥပဒေတရပ် ရေးဆွဲအတည်ပြုကာ တပ်ဖွဲ့ပုံစံနဲ့ စတင်လည်ပတ်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီရဲ့ လက်ရှိ ဥက္ကဌကို ရဲချုပ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပြီး ဒုဥက္ကဌကိုတော့ ဒုရဲချုပ်အနေနဲ့ တာဝန်ပေးလိုက်တာပါ။
ဒါ့အပြင် တခြား ယာယီအုပ်ချုပ်ရေးကော်မတီဝင် ကိုးဦးကိုလည်း ရဲမှူးချုပ်ရာထူးနဲ့ ရဲဦးစီးချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်၊ ရဲလေ့ကျင့်ရေးချုပ်နဲ့ တခြားသက်ဆိုင်ရာ တပ်ဖွဲ့မှူးကြီးတွေအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
 
အခုလို ခန့်အပ်လိုက်တဲ့ ရဲချုပ်၊ ဒုရဲချုပ် အပါအဝင် ၁၁ ဦးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM ပြုလုပ်ထားတဲ့ ရဲအရာရှိတွေဖြစ်ပြီး ဒုရဲအုပ်လောင်း သင်တန်းနဲ့ ရဲအရာရှိ အထူးသင်တန်းတွေ တက်ရောက်အောင်မြင်ပြီးသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ကောင်စီက အသိအမှတ်ပြုထားသလို NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့နဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီအရ တရားဝင် မဟာမိတ်ဖွဲ့ထားတယ်လို့ သိရပါတယ်။
ပြည်နယ်အဆင့် ရဲတပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်မယ့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ဒေသအတွင်း လုံခြုံရေး၊ ဥပဒေစိုးမိုးရေး လုပ်ငန်းစဥ်တွေကို ဆောင်ရွက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေးလည်း လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ချင်းပြည်နယ်အစိုးရ ပေါ်ပေါက်လာတဲ့အချိန် အဲဒီအစိုးရရဲ့ အုပ်ချုပ်ကွပ်ကွဲမှု အောက်ကနေတဆင့် ပြည်သူတွေအတွက် ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အတွင်းမှာ CDM ရဲအရာရှိတွေက ဦးဆောင်နေသလို ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်းမှ ဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်အသစ်တွေလည်း တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့