သြဂုတ်၊ ၂၁
ပြိုင်ဘက်နိုင်ငံတွေက သမိုင်းဝင် ဒေသတွင်း ထိပ်သီး ညီလာခံတခု ကျင်းပခဲ့ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နိုင်ငံရဲ့ မဟာဗျူဟာ ဒုံးကျည် စမ်းသပ်မှု တခုကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက မြောက်ကိုရီးယား အရှေ့ပင်လယ် ရေတပ်ဖွဲ့ပိုင် ကင်းလှည့်ရေယာဉ် တစီးပေါ်ကနေ ပဲ့ထိန်း ခရုစ်ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်နေတာကို ကင်ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ကြောင်း ဖော်ပြသွားပါတယ်။
ကင်ဟာ တခြားရေယာဉ် တစီးရဲ့ ကုန်းပတ်ပေါ်မှာ ရပ်ရင်း အဲဒီ ဒုံးကျည်တွေ ပစ်ခတ်မှု အစီအစဉ်ကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကိုလည်း KCNAက ထုတ်ပြန်ခဲ့ပါတယ်။
ကင်ဟာ ကင်းလှည့်ရေယာဉ်ရဲ့ လက်နက် တပ်ဆင်မှု စနစ်တွေနဲ့ တိုက်ပွဲဝင်အဆင့် အသင့်ပြင်ဆင်ထားနိုင်စွမ်းတွေကို အလေးအနက် ချီးကျူးခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။ အခု ဒုံးကျည် စမ်းသပ်မှုဟာ လက်တွေ့ တိုက်ပွဲတွေ ရုတ်တရက် ကြုံလာရင် ရေတပ်ရဲ့ တိုက်ပွဲဝင်နိုင်စွမ်းကို ဆန်းစစ်ဖို့လည်း ရည်ရွယ်ထားတဲ့ အစီအစဉ် တခုလို့ KCNAက ဖော်ပြသွားပါတယ်။
တချိန်တည်းမှာတော့ မြောက်ကိုရီးယားရဲ့ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တခုကို ၁၀ ရက်ကြာ ပြုလုပ်နေပါတယ်။
မကြာသေးခင်ကလည်း အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေဟာ ပထမဆုံးအကြိမ် ကျင်းပတဲ့ သုံးနိုင်ငံ ထိပ်သီး ညီလာခံမှာ လုံခြုံရေးနဲ့ စီးပွားရေး ကဏ္ဍတွေအားလုံး ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
အဲဒီ သုံးနိုင်ငံ အစည်းအဝေးမှာ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုတွေ အဆင့်ထိ သဘောတူညီမှု မရခဲ့ပေမယ့်လည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည်လက်နက် နည်းပညာတွေ အရှိန်အဟုန်မြှင့် တီထွင်နေတာကို တသားတည်း ဆန့်ကျင်ကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Ref: CNN