မန္တလေးက မင်္ဂလာဆေးရုံကို CDM ဆရာဝန်တွေအလုပ်ခန့်တယ်ဆိုပြီး သုံးလယာယီပိတ်ခိုင်း

သြဂုတ် ၊ ၂၀

မန္တလေးမြို့၊ မဟာအာင်မြေမြို့နယ် ၅၈ လမ်းနဲ့ ၄၂ လမ်းထောင့်ရှိ ပုဂ္ဂလိကပိုင် မင်္ဂလာဆေးရုံကို စစ်ကောင်စီက CDM ဆရာဝန်တွေကို အလုပ်ခန့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလ ၂၅ ရက်စပြီး သုံးလ ယာယီပိတ်ခိုင်းထားတယ်လို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။

“ CDM ဆရာဝန်တွေကို အလုပ်ခန့်ထားလို့လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ ခုဖြစ်တာမဟုတ်ဘဲ ၂၀၂၃ အစောပိုင်းလတွေက ဖြစ်ခဲ့တာကို back date နဲ့ ဥပဒေမဲ့ ပြန်အရေးယူတာလို့ သိရပါတယ် ” လိုု့ ဆေးလောကအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ အမျိုးသား တဦးက ဆိုပါတယ်။

မင်္ဂလာဆေးရုံက CDM ကလေးအထူးကုဆရာဝန်တဦးနဲ့ကင်ဆာအထူးကုဆရာဝန်တဦး စုစုပေါင်း နှစ်ဦးကို  စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လနဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခဲ့ပြီးနောက် အခုလိုပဲ ဆေးရုံကို ယာယီပိတ်ဖို့ လုပ်ဆောင်လာတာလို့ ဆိုပါတယ်။

“ အဲဒီနှစ်ယောက်ကို လက်ခံပြီး ဆေးကုခွင့်ပြုလို့ လို့သိရပါတယ်။ စကစဘက်က ငွေညှစ်တာပေါ့ ဆေးရုံဘက်ကို ။အဲဒါလည်း အဆင်မပြေဘူးလို့ ကြားတယ်။ ဒါကြောင့် အခုလို ယာယီပိတ်ဖို့ ပြောလာတာပါ ” လို့ အဲဒီအမျိုးသားက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ မြို့တော်၊ နန်းတော်၊ က့ံကော်၊ ထက်နေလင်းနဲ့ စိန်ပန်းဆေးရုံ တွေကို CDM ကျန်းမာရေးဝန်ထမ်းတွေကိုခန့်အပ်တယ်ဆိုပြီး ပိတ်သိမ်းခဲ့ပြီးနောက် အခုလိုထပ်မံလုပ်ဆောင်လာတာပါ။

အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေကြောင့်ပိတ်ထားရတဲ့ မန္တလေးဆေးရုံကြီးကို ပြန်ဖွင့်ထားပေမယ့်ဆရာဝန်မလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက်  ပုဂ္ဂလိက ဆေးရုံတွေကို အားကိုးနေရချိန်အခုလို ဆေးရုံတွေကို ပိိတ်သိမ်းနေတာတွေက  ပ်ိုမိုအခက်တွေ့စေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။

“ အခုဆိုရင် ပြည်သူတွေ အားကိုးအားထားပြုရမဲ့ ဆေးရုံဆေးခန်းတွေ ပရဟိတဆေးခန်းတွေလည်း ယခင်ပြည်သူ့အစိုးရလက်ထက်နဲ့ယှဉ်ရင် အရမ်းနည်းပါးသွားပြီ ။တဖက်မှာငွေကြေးဖောင်းပွမှုတွေနဲ့ ကုန်စျေးနှုန်းတက်တဲ့ ဒဏ်တွေကို ပြည်သူတွေအလူးအလဲခံနေရတဲ့အချိန်မှာ ဆေးရုံ ဆေးခန်းကုသမှုစရိတ်တွေ ၊ဆေးဝါးစျေးကြီးမြင့်မှုတွေကြောင့် ပြည်သူတွေအဖို့ ရေနစ်ရာ ၀ါးကူထိုးသလို တနေ့ထက်တနေ့ ပိုဆိုးလာဖို့ပဲရှိတယ် ” လို့ CDM ဆရာဝန်တဦးက မှတ်ချက်ပြုပါတယ်။

မဲစာရင်းအကြောင်းပြပြီး စစ်တပ်ကအာဏာသိမ်းတာကို နိုုင်ငံဝန်ထမ်းပေါင်းသိန်းနဲ့ချီပြီး CDM ပြုလုပ်ဆန့်ကျင်ရာခဲ့ရာမှာ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၀၃, ၂၁၄ ဦးအနက် ၄၇, ၂၅၄ ဦးပါဝင်တယ်လို့ စစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလက ပြောထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့တာ၊ CDM ကျန်းမာရေးဝန်ထမ်းတွေကို ခန့်အပ်လို့ဆိုပြီး  တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆေးရုံ၊ဆေးခန်း ဆယ်ဂဏန်းနဲ့ အထက် ပိတ်ပင်ခံခဲ့ရတယ်လို့ ဆေးအသိုင်းအဝိုင်းကသိရပါတယ်