ကိုဗစ်ရောဂါအတွက် မျိုးဆက်သစ် ကာကွယ်ဆေးတွေ ဝယ်ယူစုဆောင်းဖို့ စင်ကာပူ ရည်ရွယ်

သြဂုတ် ၊ ၁၉

လိုအပ်လာရင် ကိုဗစ် ကာကွယ်ဆေးရဲ့ နောက်ဆုံး မျိုးဆက်သစ် ဆေးဝါးတွေကို အလုံးအရင်း ဝယ်ယူ စုဆောင်းသွားမယ်လို့ စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Erisလို့ နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်က အမေရိကန်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ စင်ကာပူမှာရော ဘယ်လို စီမံထားသလဲ ဆိုတာကို ဆက်သွယ် မေးမြန်းချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာနက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Erisလို့ နာမည်ပြောင် မှည့်ခေါ်ထားတဲ့ EG.5 မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုတွေကို သိသိသာသာ ကျယ်ပြန့်လာနေစေတယ်လို့ အမေရိကန် ဆေးသိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

Erisရဲ့ ကူးစက်မှု အခြေအနေတွေကို အစဉ်တစိုက် စောင့်ကြည့်နေမှာဖြစ်ပြီး လိုအပ်လာပြီလို့ ယူဆရင် စင်ကာပူဟာ နောက်ဆုံးမျိုးဆက်သစ် ကာကွယ်ဆေးတွေကို အလုံးအရင်း ဝယ်ယူစုဆောင်းသွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

EG.5ဟာ အရင်က ကူးစက်မှုတွေ ဖြစ်ခဲ့တဲ့ XBB.1.5 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲနဲ့ ဆင်တူပေမယ့် ပရိုတိန်း ဖွဲ့စည်းပုံမှာ အပြောင်းအလဲ တခု ပါဝင်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)ရယ်၊ အမေရိကန် ရောဂါ ထိန်းချုပ် တားဆီးရေးဌာန (CDC)ရယ်ကတော့ ပိုပြီး updateဖြစ်တဲ့ မျိုးဆက်သစ် ကာကွယ်ဆေးတွေကို booster အနေနဲ့ အားဖြည့် ထိုးနှံထားသင့်ကြောင်း အကြံပြုထားပါတယ်။

အခုလ ပထမပတ်ထိ အခြေအနေအရ Eris ကူးစက်မှုတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ တွေ့ရှိထားပြီး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာထားပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ကူးစက်မှုတွေရဲ့ ၁၇ ရာခိုင်နှုန်းလောက်ဟာ Eris တဖြစ်လဲ EG.5 မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လို့ ယုံကြည်ရပါတယ်။