စစ်ထဲဝင်ပါဖို့ ပူတင် ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးကြောင်း ဘီလားရုစ် သမ္မတပြော

သြဂုတ်၊ ၁၈

ယူကရိန်းနဲ့ စစ်ပွဲမှာ ထဲထဲဝင်ဝင် ကူညီတိုက်ခိုက်ပေးဖို့ ရုရှား အစိုးရဆီက ဖိအားပေး တောင်းဆိုတာမျိုး လုံးဝ မရှိခဲ့ကြောင်း ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ပြောကြားခဲ့ပါတယ်။

လူကာရှန်ကိုဟာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တဦးဖြစ်သလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တုန်းက ယူကရိန်းကို ရုရှားစစ်တပ်က ကျူးကျော်စစ် စတင်ဆင်နွှဲချိန်မှာ ဘီလားရုစ် ပိုင်နက်ထဲကနေ ယူကရိန်းဆီ တပ်တွေ ဝင်ရောက်ခဲ့ဖူးပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကို ပံ့ပိုး ကူညီခဲ့တာကြောင့် ဘီလားရုစ် အစိုးရဟာ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း ကြုံနေရပါတယ်။

ဒါပေမဲ့ ပူတင်ဟာ စစ်ပွဲမှာ ဘီလားရုစ်တပ်တွေ ဝင်တိုက်ပေးပါလို့တော့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူးလို့ လူကာရှန်ကိုက ဆိုပါတယ်။ ဘီလားရုစ်ဟာ ရုရှားအပြင် ယူကရိန်း၊ နောက်ပြီး ပိုလန်အပါအဝင် NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံ ၃ ခုနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

လူကာရှန်ကိုက ယူကရိန်း တပ်တွေသာ ဘီလားရုစ် ပိုင်နက်ကို ကျူးကျော်မလာဘူးဆိုရင် သူ့နိုင်ငံကလည်း စစ်ထဲမှာ လုံးဝ ဝင်ပါမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားကိုတော့ တတ်နိုင်သမျှ အမြဲတမ်း ကူညီနေဖို့ ဆုံးဖြတ်ထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

နောက်ပြီး ပူတင်ဟာ အထူးစစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ စစ်ရေး ရည်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း လူကာရှန်ကိုက ဆိုပါတယ်။

စစ်ပွဲက ဘယ်လို အခြေအနေနဲ့ပဲ အဆုံးသတ်သွားသည်ဖြစ်စေ၊ စစ်မဖြစ်ခင်တုန်းကလို အချိုးမျိုးနဲ့ ယူကရိန်းဟာ ရုရှားကို ရန်လိုတဲ့ ဆက်ဆံရေးမျိုး နောက်ဘယ်တော့မှ လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ လူကာရှန်ကိုက ပြောကြားသွားပါတယ်။

သူက NATOဟာ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားတို့ကို အခြေပြုပြီး ဘီလားရုစ်အပေါ် ရန်လိုလာမယ်ဆိုရင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ တုံ့ပြန်မယ်လို့လည်း သတိပေးခဲ့ပါတယ်။ ဘီလားရုစ်မှာ ရုရှားက ထောက်ပံ့ပေးထားတဲ့ နျူကလီးယား လက်နက်တွေသာ မကဘဲ တခြား ကောင်းမွန်တဲ့ စစ်ရေး အခြေခံတွေလည်း ရှိနေကြောင်း၊ တကယ်လို့ ရန်သူတွေက ဘီလားရုစ် ပိုင်နက်ကို ကျူးကျော်ခဲ့မယ်ဆိုရင် အဓိက စစ်ရေး ဗဟိုဌာနတွေကို ဘီလားရုစ်ကလည်း လျင်လျင်မြန်မြန် တုံ့ပြန် ဖျက်ဆီးဖို့ အစီအမံတွေ ရေးဆွဲထားကြောင်း လူကာရှန်ကိုက ခြိမ်းခြောက်သွားခဲ့ပါတယ်။

 

Ref: Reuters